မကွေးမြို့တွင် ဓါးနဲ့ ထိုးပြီး အလှူခံတဲ့သူများကို ဖမ်းဆီးရမိ

2019-09-18 16:34:31


မကွေးမြို့တွင် ဓါးနဲ့ ထိုးပြီး အလှူခံတဲ့သူများကို ဖမ်းဆီးရမိ

မကွေးမြို့တွင် အလှူခံချင်လို့ပါဆိုပြီး ငွေတောင်ရာ ငွေမပါဘူးဆိုလို့ ဓါးနဲ့ထိုးကာ ဖုန်းကို လုယူသွားတဲ့ တရားခံများအား အချိန်တိုအတွင်း ဖမ်းဆီးအရေးယူနိုင်ကြောင်း မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်ထားသည်။


၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ညနေ ၄ နာရီခန့်တွင် မင်းဘူးမြို့၊ အမှတ်(၃)ရပ်ကွက် နေ နိုင်မျိုးကျော်၊ ၂၀ နှစ်၊ (ဒုတိယနှစ်၊ သတ္တဗေဒ၊ အဝေးသင်)သည် သူငယ်ချင်းများဖြစ်သော ထက်အာကာ၊ ၂၀ နှစ်၊ (ဒုတိယနှစ်၊ သတ္တဗေဒ၊ အဝေးသင်)၊ မခင်သီရိဦး၊ ၂၂ နှစ်၊ (တတိယနှစ်၊ ရူပဗေဒ၊ အဝေးသင်)၊ မအိဇာခိုင်၊ ၂၂ နှစ်၊ (တတိယနှစ်၊ ရူပဗေဒ၊ အဝေးသင်)တို့နှင့်အတူ မကွေးမြို့၊ ကန်သာရပ်ကွက်၊ ကန်သာကန်ဘောင်ပေါ်တွင် လမ်းလျှောက်နေစဉ် နောက်မှ အမည် မသိ လူ(၂)ဦးမှ လိုက်လံနှောက်ယှက်နေ၍ မခင်သီရိဦးနှင့် မအိဇာခိုင်တို့မှာ ထွက်ပြေးသွားခဲ့ပြီး နိုင်မျိုးကျော်နှင့် ထက်အာကာတို့(၂)ဦးမှာ ကန်ဘောင်ပေါ်တွင်ကျန်နေခဲ့ရာ အမည်မသိလူ(၃)ဦး ထပ်မံရောက်လာကာ ဓါးမြှောင်ကိုင်ထားသူမှ နိုင်မျိုးကျော်အား ဓါးဖြင့်ထိုးရာ ၀ဲပေါင်ထိုးသွင်း ဒဏ်ရာ ရရှိခဲ့ပါသည်။


ဆက်လက်၍ နိုင်မျိုးကျော်နှင့် ထက်အာကာတို့အား ထိုင်ခိုင်းသဖြင့် ထွက်ပြေးစဉ် ထက်အာကာ မှာ ခြေထောက်ခေါက်လဲကျခဲ့ရာ အမည်မသိဓါးမြှောင်ကိုင်ထားသူမှ ဓါးဖြင့်ထိုးသဖြင့် ထက်အာကာ တွင် ၀ဲပေါင်ထိုးသွင်းဒဏ်ရာ(၄)ချက်၊ ယာပေါင်ထိုးသွင်းဒဏ်ရာ(၁)၊ ၀ဲမေးစေ့ပြတ်ရှဒဏ်ရာ(၁) ချက်တို့ ရရှိခဲ့ပြီး အမည်မသိလူများမှာ ထွက်ပြေးသွားခဲ့ကြောင်း မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ စာမျက်နှာမှ ဖော်ပြချက်အရသိရသည်။


ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် မကွေးမြို့မရဲစခန်းမှူးနှင့်အဖွဲ့၊ မကွေးနယ်မြေ ရဲစခန်းမှူးနှင့်အဖွဲ့၊ မြို့ပေါ်လှည့်ကင်းအဖွဲ့များသည် ပူးပေါင်းအဖွဲ့များဖြင့် လိုက်လံစုံစမ်းရှာဖွေခဲ့ ပါသည်။



ည ၈ နာရီခန့်တွင် မကွေးမြို့၊ သိင်္ဂါရပ်ကွက်နေ ကျော်ဇင်ထက်၊ ၂၁ နှစ်သည် တစ်ရပ်ကွက်တည်း နေ သက်ဇင်ကို၊ ၂၇ နှစ်နှင့်အတူ မကွေးမြို့၊ ဆားရွှေကင်းရပ်ကွက်၊ ကမ်းနားလမ်း၊ ကျောက်သား ဥယျာဉ်ရှေ့တွင် ထိုင်နေစဉ် ဒါရမ်း ၁၂၅ ဖြူ/ပြာရောင် ဆိုင်ကယ်(၁)စီး၊ ကမ်ဘိုဝေ့ဖ် ၁၁၀ အနက်ရောင်ဆိုင်ကယ်(၁)စီးတို့ဖြင့် အမည်မသိလူငယ်(၄)ဦးတို့ ရောက်ရှိလာပြီး ၎င်းလူငယ်ထဲမှ မြင်လျင်မှတ်မိသူတစ်ဦးမှ ကျော်ဇင်ထက်အား အလှူခံချင်လို့ဟုပြောရာ ကျော်ဇင်ထက်မှ ပိုက်ဆံ မရှိတော့ကြောင်း ပြောသဖြင့် ၎င်းမှ အသင့်ပါလာသောဓါးဖြင့် ကျော်ဇင်ထက်၏ဝဲဘက်ပေါင်အား (၁)ချက်ထိုး၍ ပါတာပေးဟုပြောရာ ကျော်ဇင်ထက်မှ ဘာမှမပါကြောင်းပြောစဉ် ဓါးဖြင့်(၁)ချက် ထပ်မံထိုး၍ ကျော်ဇင်ထက်တွင် ဝဲဘက်ပေါင်ပေါက်ပြဲဒဏ်ရာ(၂)ချက် ရရှိခဲ့ပြီး ဓါးဖြင့်ထပ်မံ ထိုးသတ်မည်ဟု ပြောသဖြင့် ကျော်ဇင်ထက်မှ သက်ဇင်ကို၏ ဆင်းကဒ်ပါ VIVO 1820 ကြက်သွေးရောင်ဟန်းဆက်(၁)လုံး၊ တန်ဖိုး ၁၇၅၀၀၀ ကျပ်အား ပေးလိုက်ရာ ၎င်းလူငယ်(၄)ဦး သည် ကမ်းနားလမ်းအတိုင်း တောင်ဘက်သို့ မောင်းနှင်ထွက်သွားခဲ့သဖြင့် ထိုအမည်မသိလူငယ် (၄)ဦးအား စုံစမ်းဖော်ထုတ်အရေးယူပေးပါရန် ကျော်ဇင်ထက်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် မကွေးမြို့မရဲစခန်း (ပ)၁၆၄၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ အရ အမှုရေးဖွင့် ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသည်။


အထက်ပါဖြစ်စဉ်(၂)ခုမှ ထွက်ပြေးတိမ်းရှောင်သူများအား ဖမ်းဆီးရမိရေးအတွက် စခန်းမှူးများ ဦးစီးပူးပေါင်းအဖွဲ့များသည် အဖွဲ့များခွဲ၍ ပိတ်ဆို့ရှာဖွေခဲ့ရာ ည ၁၁ နာရီကျော်ခန့်တွင် ပြစ်မှု ကျူးလွန်ထွက်ပြေးသူများအနက် မကွေးမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ အောင်ဇေယျာ(၁)လမ်းနေ အောင်သူ၊ ၂၂ နှစ်၊ မကွေးမြို့၊ အောင်စေတနာရပ်ကွက်၊ (၅)လမ်းနေ လှိုင်ဖုန်းမြင့်ဦး၊ ၂၀ နှစ် တို့(၂)ဦးအား အောင်စေတနာရပ်ကွက်၊ အမှတ်(၁၅)မူလတန်းကျောင်းဝင်းအတွင်း ဖမ်းဆီးရမိခဲ့ပြီး ကျန်ထွက်ပြေးတိမ်းရှောင်နေသူများအား ဖမ်းဆီးရမိရေး ပိတ်ဆို့ရှာဖွေဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


သတင်း ဓာတ်ပုံ – မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့


#ApannPyay