တခြားသူကိုပစ်ဖို့ သေနတ်မောင်းတင်စဉ် ကျည်ထွက်ပြီး ကိုယ့်ပေါင်ပြန်မှန်လို့ မူဆယ်မြို့မှ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိ

2019-09-19 12:10:32

တခြားသူကိုပစ်ဖို့ သေနတ်မောင်းတင်စဉ် ကျည်ထွက်ပြီး ကိုယ့်ပေါင်ပြန်မှန်လို့ မူဆယ်မြို့မှ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းက ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

ဖြစ်စဉ်ကတော့ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်မှာ နေထိုင်တဲ့ ကောင်းခါးပြည်သူ့စစ်အရံအဖွဲ့ဝင် လွမ်းခေါင်(၃၉)နှစ်ဟာ သူငယ်ချင်များနှင့်အတူရွှေဆင်မင်း KTV ဆိုင်တွင် သီးချင်းဆိုပြီးအပြင်ထွက်လာစဉ် ဘေးချင်းကပ်အခန်းမှ ထွက်လာတဲ့ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်နေသူ မင်းစိုးထက်(ခ) ရန်ကျူလုတ်(၂၂)နှစ်နှင့် လူချင်းတိုက်မိရာမှ မကျေမနပ်ဖြစ်ပြီး စကားများကြပါတယ်။

အဲဒီအချိန်မှာ ကောင်းခါးပြည်သူ့စစ်အရံအဖွဲ့ဝင် လွမ်းခေါင်က ပစ္စတိုသေနတ်နဲ့ ပစ်ခတ်ဖို့အတွက် ခါးကြားမှာ ထိုးထားတဲ့ပစ္စတိုကို ဆွဲထုတ်ပြီး မောင်းတင်စဉ်မှာ ကျည်ပေါက်ထွက်ပြီး သူ့ရဲ့ဝဲဘက်ပေါင်ကို ထိမှန်ကာ ကျည်ဖောက်ဝင်ဒဏ်ရာ(၁)ချက် ရရှိခဲ့ကြောင်း မူဆယ်မြို့မရဲစခန်းထံက သိရပါတယ်။

ကိုယ့်သေနတ်နဲ့ကိုယ် ပြန်မှန်ပြီး ဒဏ်ရာရရှိခဲ့တဲ့ လွမ်းခေါင်ဟာ မူဆယ်ဆေးရုံကို တက်ရောက်ကာ ဆေးကုသမှု ခံယူခဲ့ရပြီး တာဝန်အချိန်ပြင်ပတွင် သတ်မှတ်ယူနီဖောင်းမဝတ်ဘဲ လက်နက်ကိုင်ဆောင်မှုအပေါ် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားရန် တာဝန်ရှိသူများမှ လုပ်ဆောင်နေကြောင်း သိရပါတယ်။

ဧရာဝတီတိုင်းမ် (မူဆယ်) စက်တင်ဘာ ၁၈ ရက် #Ayeyarwaddy Times