ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲဝင်ဖို့ လိုအပ်တဲ့ အမှတ်ကိုရရှိနေပြီဖြစ်တဲ့ မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ

2019-09-19 13:36:27


ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲဝင်ဖို့ လိုအပ်တဲ့ အမှတ်ကိုရရှိနေပြီဖြစ်တဲ့ မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ

ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲဝင်ဖို့ လိုအပ်တဲ့ အမှတ်ကိုရရှိနေပြီဖြစ်တဲ့ မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ


ပရိသတ်အချစ်တော် ကြက်တောင်မယ်လေး သက်ထားသူဇာဟာ နိုင်ငံတကာမှာ ရွှေတံဆိပ် ၆ ခု ထိ ဆွတ်ခူးနိုင်ပြီး မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်….


သူ့ရဲ့ ရည်မှန်းချက်က ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု ကြက်တောင်အားကစားသမားတစ်ယောက် အနေနဲ့ နိုင်ငံ့ဂုဏ်ဆောင်နိုင်ဖို့ပဲ ဖြစ်ပါတယ်….အိုလံပစ်မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ဆိုရင် အနည်းဆုံးကမ္ဘာ့အဆင့် ၁၀၀ အတွင်း ဝင်ဖို့ လိုအပ်ပါတယ်…ဒါကြောင့်လည်း ကြက်တောင်မယ်လေး သက်ထားသူဇာဟာ ကမ္ဘာ့အဆင့် မြင့်တက်ဖို့အတွက် နိုင်ငံတကာပြိုင်ပွဲတွေကို မိမိစရိတ်နဲ့ မိမိဝင်ပြိုင်ပြီး ကြိုးစားခဲ့တာပါ…အဲဒီလို ကြိုးစားနေတာကနေ နောက်ပိုင်းမှာတော့ အလှူရှင်တွေ ထောက်ပံ့မှုတွေ ရရှိလာခဲ့ပါတယ်…..


ခုဆိုရင်တော့ သက်ထားသူဇာဟာ သူ့ရည်မှန်းချက်တွေ ပြည့်ဝဖို့အတွက် ရမှတ်တွေကို စုဆောင်းနိုင်ပြီး လိုအပ်တဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက်နဲ့ အိုလံပစ်လက်ရည်စစ်အဆင့် သတ်မှတ်ချက်တွေ ရရှိလာပြီပဲ ဖြစ်ပါတယ်…


မြန်မာနိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံတကာကြက်တောင်စီးရီးပြိုင်ပွဲမှာ တတိယဆုရယူနိုင်တာကြောင့် ကမ္ဘာ့အဆင့် ၇၂ ကနေ ၇၀ ထိမြင့်တက်လာခဲ့ပြီး အိုလံပစ် လက်ရည်စစ် အဆင့်သတ်မှတ်ချက်ဖြစ်တဲ့ ၃၈ အတွင်းကိုလည်း အဆင့် ၃၀ နဲ့ ဝင်ထားပြီ ဖြစ်တယ်လို့ သိရပါတယ်….


၂၀၂၀ တိုကျိုအိုလံပစ် ဝင်ခွင့်အတွက် သတ်မှတ် အတည်ပြုမယ့် ၂၀၂၀ ဧပြီ ၃၀ ရက်နေ့ အထိ ဒီအဆင့်ကို ဆက်လက်ထိန်းသိမ်းထားနိုင်မယ်ဆိုရင် တိုကျိုအိုလံပစ်ကို ဝင်ခွင့်ရမှာပါ။


“ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က သတ်မှတ်စည်းမျဉ်းအရနိုင်ငံတစ်နိုင်ငံကို အဆင့် ၁ ကနေ ၁၆ အထိ ကစား သမား ၂ ဦးဝင်ခွင့်ပြုထားပြီး ၂ ဦးထက် ပိုရင် ၁၇ ကစပြီး ၃၈ ထိရှိနေရင်လည်း ဝင်ကစားခွင့်မရတော့ပါဘူး…အခု သက်ထားသူဇာရဲ့ အထက်မှာ မြန်မာနိုင်ငံက အဆင့် ၁ ကနေ ၁၆ အတွင်း ဝင်ထားသူ မရှိလို့ လက်ရှိ ၃၁ မှာ ရပ်တည်နေပေမယ့် သူ့အတွက် ပါဝင်ခွင့်က ၃၈ အပြင် မရောက်ရင် သေချာပြီလို့ ပြောရပါမယ်…သေချာဖို့ အိုလံပစ် မတိုင်ခင် စီးရီးတွေ လိုက်ရိုက်ပြီး အမှတ်တွေ တတ်နိုင်သလောက် စုဆောင်းသွားရမှာပါ…” သက်ထားသူဇာရဲ့ ဖခင်ဖြစ်တဲ့ ဦးထွန်း ထွန်းဇော်က ပြောပြခဲ့ပါတယ်….


ဒီလိုသာ အိုလံပစ်ပြိုင်ပွဲကို ဝင်ခွင့်ရခဲ့ရင် သက်ထားသူဇာဟာ ပထမဆုံး အိုလံပစ် ကစားခွင့်ရလာမယ့် မြန်မာ့လက်ရွေးစင် ကြက်တောင် အားကစားမယ် ဖြစ်လာမှာဖြစ်ပါတယ်…


လက်ရှိအချိန်မှာတော့ သက်ထားသူဇာဟာ မော်လ်ဒိုက်နိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာကြက်တောင်စီးရီးပြိုင်ပွဲ(Maldives International Futures Series 2019) မှာ ၀င်ရောက်ယှဉ်ပြိုင်နေတာပဲ ဖြစ်ပါတယ်… ကဲ …မြန်မာ့ဂုဏ်ဆောင်ဖို့ ကြိုးစားနေတဲ့ သက်ထားသူဇာကို ပရိသတ်ကြီးတို့လည်း ဆက်လက်အားပေးကြပါအုံးနော်…


Writer – HW (Shwe Yaung Lan)


Source : Duwun