ဖားကန့်မှာ ကျလာတဲ့ အရာဝတ္ထုကြီး ဘယ်ကနေ ကျလာတာလဲဆိုတဲ့ အဖြေ

2019-09-19 22:30:37


ဖားကန့်မှာ ကျလာတဲ့ အရာဝတ္ထုကြီး ဘယ်ကနေ ကျလာတာလဲဆိုတဲ့ အဖြေ

ဒီနေ့ နေ့လယ် ၁ နာရီ မိနစ် ၂၀ ခန့်က ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု၊ မှောပုံကျေးရွာကို ကောင်းကင်ကနေ အမည်မသိသေးတဲ့ အရာဝတ္ထုတစ်ခုပြုတ်ကျခဲ့တယ်လို့ သိရပါတယ်။ ကျလာတဲ့ အပိုင်းအစကို ကြည့်ရတာ ဒုံးပျံ တခုရဲ့ အပိုင်းအစ တခုလို့ ထင်ရပါတယ်။ အဲဒါနဲ့ သေချာအောင် ရှာကြည့်လိုက်တော့ ဒီနေ့ တရုတ်က ဂြိုဟ်တု လွှတ်တယ်ဆိုတဲ့ သတင်းကို အင်တာနက်မှာ သွားတွေ့ရကြောင်း မောင်လေးလုံး ဆိုသူမှ ဖော်ပြထားတဲ့ အကြောင်းအရာ အပြည့်စုံအား တဆင့်ပြန်လည် ဖော်ပြပေးလိုက်ပါသည်။


တရုတ်နိုင်ငံရဲ့ သူလျှိုဂြိုဟ်တု ၅ လုံးကို လောင်းမတ်ခ်ျ-၁၁ ဒုံးပျံကို အသုံးပြုပြီး ဒီနေ့ (၁၉-၉-၂၀၁၉)၊ မြန်မာစံတော်ချိန် နေ့လည် ၁ နာရီနဲ့ ၇ မိနစ်မှာ လွှတ်တင်ခဲ့ပါတယ်။ လွှတ်တင်တဲ့ နေရာကတော့ တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယား ဒေသက ဂျူကွင်းဒုံးပျံလွှတ်တင်ရေး စခန်းကနေ လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဂြိုဟ်တုတွေဟာ ပတ်လမ်းနိမ့်မှာ ပျံသန်းမယ့် ကမ္ဘာမြေစောင့်ကြည့်လေ့လာရေးဂြိုဟ်တု အမျိုးအစား ဖြစ်ပါတယ်။




ဂြိုဟ်တု တခုချင်းစီမှာ အားကောင်းတဲ့ ကင်မရာတခုစီ ပါရှိပြီးတော့ ကမ္ဘာမြေတခုလုံးကို ၂၄ နာရီ စောင့်ကြည့်နေကြမှာ ဖြစ်ပါတယ်။ ဂြိုဟ်တုကို သတ်မှတ်ထားတဲ့ ပတ်လမ်းရောက်ဖို့ ဒုံးပျံရဲ့ အဆင့်တွေက ပို့ဆောင်ပေးတာပါ။ ကမ္ဘာ့ဆွဲငင်အားက လွတ်ဖို့ အသုံးပြုတဲ့ ဒုံးပျံ အစိတ်အပိုင်းတွေကို သတ်မှတ်တဲ့ အရှိန်ပမာဏရောက်ရင် ဒုံးပျံကနေ ဖြုတ်ချ ပစ်ရပါတယ်။ ဒုံးပျံဟာ ကမ္ဘာ့လေထုထဲက မထွက်မချင်း ဖြုတ်ချလိုက်တဲ့ အဆင့်တွေဟာ ကမ္ဘာပေါ်ကိုပဲ ပြန်ကျလာမှာပါ။




အထက်ပါ အချက်အလက်တွေကို လေ့လာကြည့်လိုက်ရင် ဖားကန့်ပေါ်ကို ကောင်းကင်ပေါ်က ပြုတ်ကျလာတဲ့ အရာဝတ္ထုဟာ တရုတ်ရဲ့ ဒုံးပျံ အစိတ်အပိုင်းတွေ ဖြစ်ဖို သေချာသလောက် ရှိပါတယ်။ ၂၀၁၅ ခုနှစ်လောက်တုန်းကလည်း ဖားကန့်အပေါ် ဒီလိုပဲ ကျလာဖူးပြီး နောက်ပိုင်းမှာ ဘာသတင်းမှတော့ မကြားရတော့ပါဘူး။ နိုင်ငံတကာမှာတော့ ဒုံးပျံလွှတ်တဲ့အခါမှာ အောက်ကို ပြုတ်ကျလာနိုင်တဲ့ အရာဝတ္ထုတွေနဲ့ ပတ်သက်ပြီး ဥပဒေတွေ နည်းဥပဒေတွင် ပြဋ္ဌာန်းထားတာ ရှိပါတယ်။ ကုလသမဂ္ဂအဖွဲ့ကြီးမှာလည်း Space Law ဆိုတဲ့ အာကာသဆိုင်ရာ ဥပဒေမှာလည်း ဒီအကြောင်းအရာတွေ အတိအလင်း ပါရှိပါတယ်။




ဒါပေမယ့်လည်း တရုတ်ကတော့ ထုံးစံအတိုင်း မည်သည့်ဥပဒေကိုမှ လိုက်နာလိုခြင်း ရှိပုံမရပါဘူး။ ကျွန်တော်တို့ အစိုးရကလည်း ဒီကိစ္စနဲ့ ပတ်သက်လာရင် အာစေးထည့်ထားသလို ဖြစ်နေပါတယ်။ ဒီနေရာမှာ ဒုံးပျံရဲ့ အပိုင်းအစမဟုတ်ဘဲ ဒုံးပျံကြီးတခုလုံး ပြုတ်ကျလာရင် ဘယ်လို ဖြေရှင်းကြမလဲဆိုတာ သိချင် မိပါတယ်။




ဒီလိုကိစ္စတွေဟာ ကျွန်တော်တို့ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ထိပါးတယ်လို့ပဲ ယူဆပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိ လူကြီးမင်းများ တွေ့ဆုံ ညှိနှိုင်းပြီး ဒီလို ကိစ္စတွေ နောက်ထပ် မဖြစ်စေဖို့ ဆွေးနွေးလိုပါတယ်။ ဆွေးနွေးပြီးရင်လည်း ထုတ်ပြောလို့ ရတဲ့အချက်တွေကို ပြည်သူတွေကို သတင်း ထုတ်ပြန်ပေးစေချင်ပါတယ်။




ကျွန်တော်တို့ ပြည်သူတွေ အနေနဲ့လည်း ဒီလို မသိမသာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေကို အမှုမဲ့ အမှတ်မဲ့မနေဘဲ အမြဲ နားစွင့်ပြီး အဖြေကို စောင့်ကြည့်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ။


(မောင်လေးလုံး)