(၁၄) နှစ်ကြာ အနိုင်မရခဲ့တဲ့ ဗီယက်နမ်အသင်းကို ဂိုးပြတ် ထပ်ရှုံးခဲ့တဲ့ အာရှကြွက်ကြီးအသင်း


(၁၄) နှစ်ကြာ အနိုင်မရခဲ့တဲ့ ဗီယက်နမ်အသင်းကို ဂိုးပြတ် ထပ်ရှုံးခဲ့တဲ့ အာရှကြွက်ကြီးအသင်း

ယနေ့ည ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဆီယံအဖွဲ့ချုပ်ဖလား အုပ်စု (ခ) နောက်ဆုံးပြိုင်ပွဲမှာတော့ ပြိုင်တိုင်းရှုံး မြန်မာအသင်းဟာ ဗီယက်နမ်အသင်းကို ထုံးစံအတိုင်း ၃-၀ ဂိုးမရှိနဲ့ ဂိုးပြတ် ခြေပြတ် ရှုံးနိမ့်ခဲ့ပါတယ်။ မြန်မာအသင်းဟာ ပွဲအစ (၈) မိနစ်မှာပဲ နောက်ခံလူရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် အဖွင့်ဂိုး ပေးခဲ့ရပြီး ဗီယက်နမ်က ဂိုးပေါက် ခြိမ်းခြောက်မှု အများအပြား ပြုလုပ်ခဲ့ကာ (၂၇) မိနစ်နဲ့ (၇၂) မိနစ်တို့မှာ ဒုတိယဂိုးနဲ့ တတိယ ဂိုးတို့ သွင်းယူ သွားခဲ့ပါတယ်။


မြန်မာအသင်းသားတွေရဲ့ ကစားပုံဟာ သိက္ခာဆယ်ဖို့အတွက်တောင် တက်ကြွမှုမရှိခဲ့ဘဲ ဗီယက်နမ်ရဲ့ အသာစီ ကစားမှုကို ခံခဲ့ရပါတယ်။ ယခုပွဲ ရှုံးနိမ့်မှုကြောင့် မြန်မာအသင်းဟာ ဗီယက်နမ်အသင်းကို (၁၄) နှစ်ကြာ အနိုင် မရရှိခဲ့တဲ့ စံချိန်တင်သွားပြီ ဖြစ်ပါတယ်။




မြန်မာအသင်းဟာ ၂၀၀၈ ခုနှစ် ယှဉ်ပြိုင်ခဲ့တဲ့ ဖိတ်ခေါ်ပြိုင်ပွဲတခုမှာ ဗီယက်နမ်အသင်းကို နောက်ဆုံး အနိုင်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ယခုပွဲ အရှုံးကြောင့် မြန်မာအသင်းဟာ အာဆီယံဒေသတွင်းမှာ အဆင့် (၈) နေရာကို ခိုင်ခိုင်မာမာ ရရှိသွားခဲ့ပြီပဲ ဖြစ်ပါတယ်။


ပြိုင်ပွဲတလျှောက် ပရိသတ် အားပေးမှု မရခဲ့တဲ့ မြန်မာအသင်းဟာ ယနေ့ပွဲ ကစားမှာကိုလည်း မည်သည့် ပရိသတ်ကမှ အရေးတယူ ပြောဆိုတာကို မတွေ့ခဲ့ရပါဘူး။ ယခင်က တနိုင်ငံလုံး အားပေးခဲ့ကြတဲ့ မြန်မာအသင်းဟာ လက်ရှိပြိုင်ပွဲမှာ အိမ်ကွင်း ပွဲစဉ် (၂) ပွဲ ကစားခဲ့ပေမယ့် ပရိသတ် အတုတချို့သာ ရှိပြီး ကျန်ပြည်သူတွေက လုံးဝ စိတ်မဝင်စားတာကတော့ သံဝေဂ ရစရာပဲ ဖြစ်ပါတယ်။




ယခုပြိုင်ပွဲပြီးတဲ့နောက် ထပ်မံယှဉ်ပြိုင်မယ့် ပြိုင်ပွဲ မရှိတော့တဲ့ မြန်မာဘောလုံးအသင်းကို အပြီးတိုင် ဖျက်သိမ်း ပစ်လိုက်တာကမှ ကုန်ကျစရိတ် သက်သာဦးမယ်လို့ ပရိသတ်တွေက ဝေဖန်နေကြပါတယ်။ တချိန်က အရှေ့တောင်အာရှ ဘောလုံးဘုရင်နဲ့ အာရှကျားကြီး ဖြစ်ခဲ့တဲ့ မြန်မာဘောလုံးအသင်းရဲ့ နေဝင်ချိန်ကတော့ တိမ်မတောက်နိုင်တော့ဘဲ အမှောင်တိကျနေပြီ ဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ် ခင်ဗျာ။