ပါတေးနဲ့အားမရလို့ ကွင်းလယ်ပိုင်းအတွက် အင်္ဂလန်လက်ရွေးစင်ကိုပါ ခေါ်ယူသွားနိုင်တဲ့ အာဆင်နယ်


ပါတေးနဲ့အားမရလို့ ကွင်းလယ်ပိုင်းအတွက် အင်္ဂလန်လက်ရွေးစင်ကိုပါ ခေါ်ယူသွားနိုင်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ရာသီကုန် နွေအပြောင်းအရွှေ့ဈေးကွက်မှာ ကွင်းလယ်ပိုင်းကို အရည်အသွေးမြင့် ထိပ်တန်းကစားသမားတဦးနဲ့ အင်အားဖြည့်တင်းသွားဖို့ စီစဉ်နေပြီး အဲဒီအတွက် ဝက်စ်ဟမ်းကြယ်ပွင့် ဒက်ကလန်ရိုက်ဟာ ပစ်မှတ်တဦး ဖြစ်လာနိုင်တယ်လို့ CBS သတင်းဌာနရဲ့ သတင်းထောက်တဦးဖြစ်သူ ဘန်ဂျာကော့ပ်က အတည်ပြုပါတယ်။


ကွင်းလယ်ခံစစ်နေရာမှာ သောမတ်စ်ပါတေးကိုသာ အဓိကအားကိုးနေရတဲ့ ဂန်းနားတို့ဟာ လက်ရှိ ဇန်နဝါရီလ အပြောင်းအရွှေ့မှာတော့ အယ်လ်နီနီလည်း ရှိနေသေးတဲ့အတွက် ကွင်းလယ်ကို အင်အားဖြည့်တင်းသွားမှာ မဟုတ်ဘဲ နွေအပြောင်းအရွှေ့ကျမှသာ စိတ်ကြိုက်ကစားသမားတဦးကို ခေါ်ယူသွားဖို့ စီစဉ်ထားခဲ့တာပါ။


ကွင်းလယ်ကြယ်ပွင့် တော်တော်များများနဲ့လည်း သတင်းတွေ ထွက်နေပြီး အဲဒီအထဲမှာ ဒက်ကလန်ရိုက်ဟာလည်း တဦးအပါအဝင် ဖြစ်လာခဲ့တာပါ။ အင်္ဂလန်သားကို မြို့ခံပြိုင်ဘက် ချယ်လ်ဆီးအသင်းကလည်း ပစ်မှတ်ထားနေပေမယ့် ဂန်းနားတို့ကလည်း အပြိုင်အဆိုင် ကြိုးပမ်းသွားနိုင်တယ်လို့ သိရပါတယ်။




” ကျွန်တော့်ရဲ့ သတင်းရင်းမြစ်တွေကတော့ ဒက်ကလန်ရိုက်ဟာ ဝက်စ်ဟမ်းကနေ ထွက်မယ်ဆိုရင်လည်း လန်ဒန်မှာသာ ဆက်နေလိုတယ်လို့ ဆိုပါတယ်။ အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့ဟာ သူ့ကို အပြိုင်ကြိုးပမ်းကြမှာ သေချာပါတယ်။ ဒါပေမယ့် အာဆင်နယ်ကတော့ သူ့အပြင် အခြားပစ်မှတ်တွေကိုလည်း ထည့်သွင်းစဉ်းစားသွားနိုင်ပါတယ်။ ချယ်လ်ဆီးကတော့ ရိုက်အပေါ် ပိုမိုစိတ်ဝင်စားနေတဲ့အသင်းပေါ့လေ။ ”


” ဒါပေမယ့်လည်း အာဆင်နယ်အသင်းဟာ ဒီအပြောင်းအရွှေ့ထဲ ဝင်ရောက်သွားနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ နွေအပြောင်းအရွှေ့ကျရင် ရိုက်ရဲ့ သတ်မှတ်တန်ကြေးဟာ မနှစ်ကထက်ပိုပြီး လက်တွေ့ဆန်လာမှာ ဖြစ်လို့ပါပဲ။ ရိုက်ဟာလည်း စိန်ခေါ်မှုအသ်စတွေကို ရင်ဆိုင််ချင်နေပါတယ်။ ”


ဘန်ဂျာကော့ပ်က ” ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာလည်း အာဆင်နယ်နဲ့ပတ်သက်လို့ အကောင်းမြင်မှုတွေ၊ ချီးကျူးမှုတွေ ပြောထားခဲ့တယ်။ အာတေတာကိုလည်း သူ နှစ်သက်နေပါတယ်။ ကျွန်တော်တို့ မမေ့သင့်တာက ဘောလုံးသမားတွေဟာလည်း လူသားတွေဆိုတာပါပဲ။ သူတို့အတွက် နေသားကျနေတဲ့ မြို့တမြို့က အရေးကြီးပါတယ်။ ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့က ရိုက် လိုချင်တဲ့အရာကို ပေးနိုင်စွမ်း ရှိပါတယ်။ ”


” ရိုက်ဟာ ယှဉ်ပြိုင်နိုင်စွမ်း အပြည့်ရှိတဲ့ လန်ဒန်ကလပ်အသင်းတသင်းကို ပြောင်းရွှေ့ချင်နေပါတယ်။ ဥရောပပွဲတွေလည်း ကစားချင်နေတယ်ပေါ့လေ။ အာဆင်နယ်အသင်းကတော့ နောက်နှစ်ရာသီမှာ ချယ်လ်ဆီးအသင်းထက်စာရင် ချန်ပီယံလိဂ်ကစားရဖို့ သေချာနေပါတယ်။ ” လို့ ပြောကြားခဲ့ပါတယ်။