ဘိုင်ယန်နဲ့တွေ့ရင် PSG လို ဆရာကြီးအသင်းလည်း နားကားသွားမှာပဲဆိုတဲ့ မူလာ


ဘိုင်ယန်နဲ့တွေ့ရင် PSG လို ဆရာကြီးအသင်းလည်း နားကားသွားမှာပဲဆိုတဲ့ မူလာ

ပီအက်စ်ဂျီ အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ လီယွန်နယ် မက်ဆီ၊ ကိုင်လီယန် အမ်ဘာပေနဲ့ နေမာတို့ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ သူတို့အသင်းနဲ့ ရင်ဆိုင်ဖို့ မျှော်လင့်နေမှာ မဟုတ်ဘူးလို့ ဘိုင်ယန်မြူးနစ် အသင်းရဲ့ ကြယ်ပွင့် သောမတ်စ်မူလာက ပြောလိုက်ပါတယ်။


ဥရောပ ထိပ်သီး ကလပ်တွေဟာ လာမယ့်လထဲမှာ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ပွဲစဉ်တွေ ကစားရဖို့ ရှိနေပြီး၊ ပီအက်စ်ဂျီ အသင်းဟာ မက်ဆီ၊ နေမာနဲ့ အမ်ဘာပေတို့လို ကစားသမား အစုအဖွဲ့ကို ပိုင်ဆိုင်ထားတာကြောင့် ဒီပြိုင်ပွဲမှာ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။


မက်ဆီနဲ့ အမ်ဘာပေတို့ဟာ ကာတာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၂၂ခုနှစ် ဖီဖာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး၊ မက်ဆီရဲ့ အာဂျင်တီးနား အသင်းနဲ့ အမ်ဘာပေရဲ့ ပြင်သစ် အသင်းတို့ဟာ ဗိုလ်လုပွဲထိ တက်ရောက် နိုင်ခဲ့တာကြောင့် မူလာက ဒီကစားသမား နှစ်ဦးအပေါ် ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပါတယ်။


ပီအက်စ်ဂျီ အသင်းဟာ မက်ဆီ၊ နေမာနဲ့ အမ်ဘာပေတို့လို ကြယ်ပွင့် ပိုင်ဆိုင်ထားတာကြောင့် စိတ်လှုပ်ရှား ဖြစ်ပေမယ့် သူတို့ရဲ့ အနုပညာဆန်တဲ့ ကစားဟန်တွေနဲ့ အစွမ်းတွေဟာ ဘိုင်ယန်မြူးနစ် အသင်းနဲ့ ရင်ဆိုင်ရချိန်မှာတော့ ဘာမှလုပ်ပြနိုင်မှာ မဟုတ်ကြောင်း သောမတ်စ်မူလာက အခုလို ပြောလိုက်ပါတယ်။


“ကျွန်တော့် အမြင်အရ ပြောရမယ်ဆိုရင် ပီအက်စ်ဂျီ အသင်းဟာ ကမ္ဘာပေါ်မှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး ဘောလုံး အသင်းတသင်းပါ။ လက်ရှိမှာ သူတို့ရဲ့ ထိပ်တန်း တိုက်စစ်သုံးဦးအတွဲဟာ အကောင်းဆုံး ခြေစွမ်းကို ပိုင်ဆိုင်ထားတာ အားလုံး အသိပါပဲ။”


“ပီအက်စ်ဂျီ အသင်းရဲ့ တိုက်စစ်ဟာ တကယ်ကို အဖိုးတန်တဲ့ ကစားသမားတွေ ပါဝင်နေတာ မြင်သာပါတယ်။ ဒါပေမယ့် သူတို့ရဲ့ မှော်ဆန်တဲ့ ကစားဟန်တွေနဲ့ အစွမ်းတွေဟာ ကျွန်တော်တို့ အသင်းနဲ့ ရင်ဆိုင်ရချိန်မှာတော့ ဘာမှလုပ်ပြနိုင်မှာ မဟုတ်ပါဘူး။”


ဘိုင်ယန်မြူးနစ် အသင်းနဲ့ ပီအက်စ်ဂျီ အသင်းတို့ဟာ ၂၀၂၀ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ယှဉ်ပြိုင်ခဲ့ကြပြီး၊ ဘိုင်ယန်မြူးနစ် အသင်းက ၁-၀ဂိုးနဲ့ အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။ ဒါပေမယ့် နောက်တနှစ်အကြာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ပီအက်စ်ဂျီ အသင်းက အဝေးဂိုးစည်းမျဉ်းနဲ့ ကျော်ဖြတ်ကာ ပြန်လည် လက်စားချေနိုင်ခဲ့ပါတယ်။




ဘွန်ဒက်စ်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ် အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် အဆင့်ထိ တက်ရောက်နိုင်ခဲ့ပေမယ့် ဒီတကြိမ်မှာလည်း ဗီလာရီးရဲလ် အသင်းကို နှစ်ကျော့ပေါင်း ၂-၁ဂိုးနဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြန်ပါတယ်။


ဒါ့ကြောင့် ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး မူလာက သူတို့အသင်းဟာ ဒီရာသီမှာ ပိုကောင်းအောင် လုပ်ပြနိုင်ဖို့ ဆုံးဖြတ်ထားကြောင်းနဲ့ ပီအက်စ်ဂျီ အသင်းရဲ့ နာမည်ကြီး တိုက်စစ်သုံးဦးအတွဲဟာ သူတို့အသင်းနဲ့ ရင်ဆိုင်ချင်မယ် မထင်ဘူးလို့ အခုလို အခိုင်အမာပြောသွားခဲ့ပါတယ်။


“ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲနဲ့ ပတ်သက်လို့ ကျွန်တော် အရမ်း စိတ်လှုပ်ရှားနေပါတယ်။ မနှစ်က ကျွန်တော်တို့ ပြိုင်ပွဲကနေ ထွက်ခဲ့ရတာ စောလွန်းတယ်လို့ ထင်မိပြီး၊ ဒီနှစ်မှာတော့ ပိုကောင်းအောင် လုပ်ပြနိုင်ဖို့ ကျွန်တော်တို့ တသင်းလုံး ဆုံးဖြတ်ထားပါတယ်။”


“ဘယ်လို အကြောင်းတွေကြောင့် ဖြစ်ပါစေ ဘိုင်ယန်မြူးနစ် အသင်းအတွက် ချန်ပီယံလိဂ် ပြိုင်ပွဲက အရေးပါတယ် ဆိုတာကို ပြောပြနေစရာတောင် မလိုပါဘူး။ ပီအက်စ်ဂျီ အသင်းဟာ ၁၆သင်းအဆင့်မှာ ခက်ခဲတဲ့ ပြိုင်ဘက် ဖြစ်တယ်ဆိုတာ အားလုံးလည်း သိကြမှာပါ။”


“ဒါပေမယ့် ကမ္ဘာပေါ်က ဘယ်အသင်းကမှ ဘိုင်ယန်မြူးနစ်လို အသင်းမျိုးနဲ့ ယှဉ်ပြိုင်ချင်မယ် မထင်ပါဘူး။ ပီအက်စ်ဂျီ အသင်းမှာ မက်ဆီ၊ နေမာနဲ့ အမ်ဘာပေတို့လို ကစားသမားတွေ ရှိနေပြီး၊ သူတို့တွေဟာ ကမ္ဘာ့ဖလားမှာ ပုံစံကောင်းတွေ ပြသနိုင်ခဲ့ကြပေမယ့် ကျွန်တော်တို့နဲ့ ရင်ဆိုင်ရချိန်မှာတော့ ဘာမှလုပ်ပြနိုင်မှာ မဟုတ်ပါဘူး။”


ပီအက်စ်ဂျီ အသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်အဖြစ် လာမယ့် ဖေဖော်ဝါရီလ ၁၄ရက်နေ့မှာ ဘိုင်ယန်မြူးနစ် အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရဖို့ ရှိနေပြီး၊ ဒုတိယအကျော့ ပွဲစဉ်ကိုတော့ မတ်ခ်ျလ ၈ရက်နေ့မှာ ကစားရမှာပါ။


>