လားရှိုးမှာ ရွာသူကြီးတစ်ဦး လုပ်ကြံခံရလို့သေဆုံး

2019-10-16 19:43:53


လားရှိုးမှာ ရွာသူကြီးတစ်ဦး လုပ်ကြံခံရလို့သေဆုံး

လားရှိုးမှာ ရွာသူကြီးတစ်ဦး လုပ်ကြံခံရလို့သေဆုံး


ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် နားကွမ်းလုံကျေးရွာအုပ်စု မန်ကောင်းကျေးရွာသူကြီးကို လက်နက်ကိုင်တစ်ဦးက သေနတ်နဲ့ ပစ်ခတ်လို့သေဆုံးသွားခဲ့ပါတယ်။


မန်ကောင်းကျေးရွာသူကြီး ဦးမာကူးဟာ သူတို ရဲ့တောင်ယာတဲမှာ မိသားစုတွေနဲ့အတူရှိနေချိန်မှာ လူတစ်ယောက်က လားဟူဘာသာစကားနဲ့လာရောက်နှိုးတာကြောင့် အပြင်ကိုထွက်ကြည့်တဲ့အချိန်မှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့ လားရှိုးမြို့ အမှတ် ၁ ရဲစခန်းက ဒုရဲမှူးမြင့်ကျော် က ပြောပါတယ်။


ကျေးရွာသူကြီးဟာ လားဟူတိုင်းရင်းသားတစ်ဦးဖြစ်ပြီး အသက် ၆၀ အရွယ်ရှိသူဖြစ်ပါတယ်။သေဆုံးချိန်မှာ ဦးခေါင်း၊ ရင်ဘတ်၊ လည်ပင်းနဲ့တင်ပါးတွေမှာ စုစုပေါင်း သေနတ်ကျည်ဆံ ခြောက်ချက် ထိမှန်ခဲ့တဲ့ဒဏ်ရာတွေနဲ့ နေရာမှာပဲ သေဆုံးနေတာဖြစ်တယ်လို့ပြောပါတယ်။


မန်ကောင်းကျေးရွာဟာ လားရှိုး-နမ္မတူ ကားလမ်းကနေ အတွင်းပိုင်းကို ဝင်သွားရတာဖြစ်ပြီး လားရှိုးမြို့နဲ့ ဆယ့်သုံးမိုင်လောက်ကွာဝေးပါတယ်။


ကျေးရွာသူကြီး သေနတ်ပစ်ခံရတယ်ဆိုတဲ့သတင်းကြောင့် ရဲတပ်ဖွဲ့တာဝန်ရှိသူတွေနဲ့ လားရှိုးလူငယ်များပရဟိတအသင်းက မနေ့ကနေ့လယ်ပိုင်းမှာ မန်ကောင်းရွာကို သွားရောက်ခဲ့ပြီး သေဆုံးသူ ကျေးရွာသူကြီးအလောင်းကို လားရှိုးဆေးရုံကို သယ်ဆောင်လာတာဖြစ်ပါတယ်။


ကျေးရွာဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲလို့ တစ်နာရီခွဲလောက် ကျေးရွာအထိ ခြေလျင်ခရီးနဲ့သွားခဲ့ရပြီး အလောင်းကို သယ်ဆောင်လာခဲ့ကြရတာလို့ လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းက စိုင်းဝသုန် က ပြောပါတယ်။


မန်ကောင်းကျေးရွာဟာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့TNLA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပြင် ဒေသတွင်းဌာနေပြည်သူ့စစ်တပ်ဖွဲ့တွေ တပ်မတော် စစ်ကြောင်းတွေလည်း မကြာခဏ သွားလာလှုပ်ရှားလေ့ရှိတဲ့နေရာလည်းဖြစ်ပါတယ်။


ဓါတ်ပုံ – လားရှိုးလူငယ်များ လူမှုကူညီရေးအသင်း