အိန္ဒိယနယ်စပ်ရှိ AA အဖွဲ့ နေအိမ် စီးနင်းခံရမှု ALP ပါဝင်ခြင်းမရှိဟုငြင်းဆို

2019-10-17 14:10:20


အိန္ဒိယနယ်စပ်ရှိ AA အဖွဲ့ နေအိမ် စီးနင်းခံရမှု ALP ပါဝင်ခြင်းမရှိဟုငြင်းဆို

အိန္ဒိယနယ်စပ်ရှိ AA အဖွဲ့ နေအိမ် စီးနင်းခံရမှု ALP ပါဝင်ခြင်းမရှိဟုငြင်းဆို


မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရခိုင် လက်နက်ကိုင်အဖွဲ့ (AA) အဖွဲ့ဝင်များ ယာယီတည်းခိုနေထိုင်သည့် နေအိမ်ကို မျက်နှာဖုံးစွပ် ဝတ်ဆင်ထားသူများ ဝင်ရောက်စီးနင်းသူများတွင် အခြား ရခိုင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အဖွဲ့ဝင်များ ပါဝင်ပတ်သက်နေကြောင်း AA က သတင်းထုတ်ပြန်ခဲ့သည်။


အိန္ဒိယအစိုးရ အာသံရိုင်ဖယ် တပ်နှင့် ALP အဖွဲ့ဝင်တို့ ပူးပေါင်းကာ ယင်းသို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းလည်း AA အဖွဲ့၏ ထုတ်ပြန်ချက်တွင် စွပ်စွဲဖော်ပြထားခြင်းဖြစ်သည်။


ယင်းသို့ စွပ်စွဲခံခဲရ့သည့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) အဖွဲ့သည် NCA စာချုပ် လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့လည်းဖြစ်ပြီး ALP အနေနှင့် ယင်းသို့ လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း ကြေညာချက်တစ်စောင်ထုတ်ပြန် ငြင်းဆိုခဲ့သည်။


“ဖြစ်တဲ့နေရာနဲ့ ကျွန်တော်တို့နဲ့ တော်တော်ဝေးပါတယ်။ ကျွန်တော်တို့ နေရာမဟုတ်ပါဘူး။ ကျွန်တော်တို့က အိန္ဒိယနယ်ထဲ တြိဂံနေရာ သုံးခွဆုံမှာပဲ ရှိပါတယ်။ အခုက လုပ်ကြံတယ်လို့ သူတို့ ပြောတဲ့နေရာက လုံတလိုင်ဆိုတာ တော်တော်ဝေးပါတယ်။ ကျွန်တော်တို့ ရဲဘော်တွေလည်း အသွားအလာမရှိပါဘူး။


အဲဒီနေရာမှာ အခြားတော်လှန်ရေးသမားတွေတော့ရှိပါတယ် ALP ကတော့ မရှိဘူး။ ဘာပဲပြောပြော သူတို့ရဲ့ ထုတ်ပြန်ချက်အပေါ်မှာ ကျွန်တော်တို့က မဟုတ်မှန်ပါဘူးလို့ အခိုင်အမာပြောပြီး အခုလိုထုတ် ပြန်လိုက်တာပါ။ ကျွန်တော်တို့ဆီမှာ အဲ့လို အတွေးအခေါ်မျိုးလည်းမရှိဘူး။ သူတို့ကို တိုက်ဖို့ခိုက်ဖို့ သဘောထားလည်းမရှိပါဘူး”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။


ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက် နံနက် ၁နာရီခန့်အချိန်တွင် မျက်နှာဖုံး စွပ်ဝတ်ဆင်ထားသောသူ ၇ ဦးသည် လုံတလိုင် (Lawngtlai) မြို့ရှိ နေအိမ် တစ်လုံးအား စီးနင်းဝင်ရောက်ခဲ့ကြောင်း ၎င်းမျက်နှာဖုံးစွပ်ထားသူများသည် နေအိမ်တံခါးအား ရိုက်ချိုးဖျက်ဆီး ဝင်ရောက်ကာ နေအိမ်အတွင်းရှိ ရက္ခိုင် အမျိုးသားအဖွဲ့ချုပ် အဖွဲ့ဝင်အချို့နှင့်အတူ ဖမ်းဆီးသွားခြင်း ခံခဲ့ရသူများ၏ ကွန်ပျူတာ၊ ဖုန်း၊ စာရွက် စာတမ်းနှင့် ငွေကြေးအချို့ကို သိမ်းဆည်းသွားခဲ့ကြောင်း AA အဖွဲ့က ဆိုသည်။


အဆိုပါ မျက်နှာဖုံး ဝတ်ဆင်ထား သူ ၇ ဦးတွင် ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP) မှ အိန္ဒိယနယ်စပ်ရှိ အာသံ ရိုင်ဖယ် ( Assam Rifles-AR) အားသတင်းပေးနေသူ ၂ ဦး၊ အိန္ဒိယ-မြန်မာနယ်စပ်ရှိ မြိတ်ဝစခန်းမှ (၂ သို့မဟုတ် ၃ ဦး) ၊ အာသံရိုင်ဖယ်မှ (၂ သို့မဟုတ် ၃ ဦး) ဖြစ်နိုင်ကြောင်း


ယခု ဖြစ်စဉ်အားလက်ထောက်ချသော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှသတင်းပေး (၂) ဦးမှာ ခိုင်အေးပိုင် (Bahul) နှင့် တိုက်အောင် (Byat Ka) တို့ဖြစ်ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။


AA အဖွဲ့၏ စွပ်စွဲချက်မှာ မှန်ကန်မှုမရှိဘဲ ALP အနေနှင့်လည်း ယင်းသို့ ညွှန်ကြားချက် တစ်စုံတစ်ရာမရှိကြောင်း နှင့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် အိန္ဒိယနယ်စပ် လုံတလိုင်မြို့တွင်လည်း ALP အဖွဲ့ဝင်များ အခြေစိုက်လှုပ်ရှားခြင်းမရှိကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP သတင်း ပြန်ကြားရေးတာဝန်ခံတစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခိုင်စောမြက ပြောကြားသည်။


အဆိုပါ AA အဖွဲ့မှ စွပ်စွဲဖော်ပြ ထားသည့် ALP အဖွဲ့ဝင်နှစ်ဦး၏ အမည်ပါဝင်နေမှုကိုလည်း စုံစမ်းစစ်ဆေးပြီးဖြစ်ကာ ၎င်းတို့အနေနှင့် လုပ်ဆောင်ခဲ့ခြင်းလည်းမရှိကြောင်း ဗိုလ်မှူးကြီး ခိုင်စောမြက ပြောကြားသည်။


လုံတလိုင် (Lawngtlai) မှ ဖမ်းဆီးသွားသူများထဲမှ ကျော်ဝင်းနိုင်အား အာသံရိုင်ဖယ် (AS) မှ မြန်မာ နိုင်ငံဘက်အခြမ်းရှိ “မြိတ်ဝစခန်း” သို့ အောက်တိုဘာလ(၁၀) ရက်၊ လွှဲပြောင်းပေးအပ်လိုက်ကြောင်းသိရှိရပြီး ထို့အပြင် လုံတလိုင် (Lawngtlai) နှင့် ဘုံတလင်ရွာ (Kamanh) အကြားတွင် ခြေ၊ လက်၊ ခန္ဓာတို့အား ပိုင်းဖြတ်ထားသော အမည်မသိ လူသေအလောင်း တစ်လောင်းအား တွေ့ရှိခဲ့ပြီး မည်သူမည်ဝါဖြစ်ကြောင်း စုံစမ်းမည်ဟု AA အဖွဲ့က ဆိုသည်။


Credit: The Voice