ဖိလစ်ပိုင်တွင် ငလျင်ကြောင့် သေဆုံးသူ ၅ ဦးရှိပြီ၊ ၆၀ ဒဏ်ရာရ

2019-10-17 18:14:11


ဖိလစ်ပိုင်တွင် ငလျင်ကြောင့် သေဆုံးသူ ၅ ဦးရှိပြီ၊ ၆၀ ဒဏ်ရာရ

ဖိလစ်ပိုင်တွင် ငလျင်ကြောင့် သေဆုံးသူ ၅ ဦးရှိပြီ၊ ၆၀ ဒဏ်ရာရ


ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအိုပြည်နယ်အလယ်ပိုင်းမှာ အောက်တိုဘာ ၁၆ ရက်နေ့က ပြင်းအား ၆ ဒသမ ၄ မဂ္ဂနီကျူ့အဆင့်ရှိ အားပြင်း မြေငလျင်လှုပ်ခဲ့တာကြောင့် သေဆုံးသူ ဦးရေဟာ အောက်တိုဘာ ၁၇ ရက်မှာ ၅ ယောက်ရှိပြီဖြစ်ပြီး ဒဏ်ရာရသူ အယောက် ၆၀ ရှိပြီလို့ အေဘီစီသတင်းမှာ ဖော်ပြပါတယ်။


အမေရိကန် ဘူမိတိုင်းတာရေးအဖွဲ့က မြေငလျင် ပြင်းအား ၆ ဒသမ ၇ မဂ္ဂနီကျူ့နဲ့ ဂျင်နရယ်ဆန်းတို့စ်မြို့ အနောက်မြောက်ဘက် ၆၉ ကီလိုမီတာ အကွာကို ဗဟိုပြုလှုပ်ခဲ့တယ်ဆိုပြိး အစောပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။


မြေငလျင်ကြောင့် အဖျက်စွမ်းအားကြီးတဲ့ ဆူနာမီ ဖြစ်မယ့်ပုံ မပေါ်ဘူးလို့ ဟာဝိုင်အီ အခြေစိုက် ဆူနာမီ သတိပေးစင်တာက ထုတ်ပြန်ခဲ့ပါတယ်။


မြေငလျင်ဒဏ် ကြောင့် ကီဒါပါဝမ်မြို့ ဟိုတယ်တစ်ခုက ကြမ်းပြင်တွေမှာ အပျက်အစီးတွေ ပြန့်ကျဲနေပြိး နံရံတွေမှာ အက်ကွဲကြောင်းတွေ ဖြစ်ခဲ့ပါတယ်။


အနီးဝန်းကျင်ဆေးရုံက လူနာတွေဟာလည်း မြေငလျင်လှုပ်ပြီးချိန်မှာ လမ်းပေါ်မှာ ထွက်ပြီး အခြေအနေကို စောင့်ကြည့်နေခဲ့ပါတယ်။


ဖိလစ်ပိုင် မြေငလျင် အကြီးအကဲကတော့ နောက်ဆက်တွဲမြေငလျင်ငယ်တွေ လာမယ့် အလားအလာ ရှိတယ်လို့ ANC သတင်းဌာနကို ပြောခဲ့ပါတယ်။


Credit: DVB TV News