ထန်းရည်ကို ဝိုင်အဖြစ်ပြောင်းလဲ ထုတ်လုပ်နိုင်ရန် အစိုးရက နည်းပညာ သင်တန်းပေးနေ

2019-10-18 23:11:02


ထန်းရည်ကို ဝိုင်အဖြစ်ပြောင်းလဲ ထုတ်လုပ်နိုင်ရန် အစိုးရက နည်းပညာ သင်တန်းပေးနေ

ထန်းရည်ကို ဝိုင်အဖြစ်ပြောင်းလဲ ထုတ်လုပ်နိုင်ရန် အစိုးရက နည်းပညာ သင်တန်းပေးနေ


ထန်းရည်ကို ဝိုင်အဖြစ်ပြောင်းလဲ ထုတ်လုပ်နိုင်ရန် နည်းပညာအကူအညီများ ပေးလျက်ရှိပြီး စိတ်ဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အသေးစား စက်မှု လက်မှု လုပ်ငန်းဦးစီးဌာနမှ သိရှိရသည်။


“ထန်းနဲ့ ပတ်သက်ပြီး သီးသန့်သင်တန်းပေးတာတော့ မရှိသေးဘူး။ နိုင်ငံမှာ ထန်းက ဒီလောက်မရှားဘူး။ ထန်းပင်တွေက အများကြီးရှိတယ်။ အညာမှာဆိုလည်း တောင်ယာတွေထဲမှာထန်းပင်တွေက အများကြီးရှိတော့ ထန်းနဲ့ ပတ်သက်ပြီး အဓိက ပြဿနာက ထန်းတက်သမားပြဿနာရှိတယ်။ အခုက ထန်းရော နဂါးမောက်သီး ဝိုင်ရော နည်းပညာသင်တန်းတွေပေးနေပါတယ်။” ဟု အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခွန်အေးနိုင်က အောက်တိုဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။


လက်ရှိမြန်မာနိုင်ငံတွင် ထန်းပင်အရေအတွက်များစွာရှိနေပြီး ထန်းတက်သမားရှားပါးကာ ထန်းလျက် ချက်လုပ်မှု လုပ်ငန်းများလည်း လျော့နည်းလာသောကြောင့် ထန်းနှင့်ပတ်သက်၍ တန်ဖိုးမြှင့် ထုတ်ကုန်များ အဖြစ်ပြောင်းလဲ ထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။


“ဝိုင်ချက်မယ်ဆိုရင် ဝိုင်ချက်တဲ့ သင်တန်းပေးတယ်။ ဌာနက ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးမှာ ရုံးတွေရှိတယ်။ ဒီ ရုံးတွေကနေပြီးတော့ အခါအား လျော်စွာသင်တန်းပေးမယ်။ စိတ်ဝင်စားရင် ဆရာတို့ဌာနကို တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်။” ဟု ၎င်းက ဆက်ပြောသည်။


ထန်းရည်မှ သကြားအဖြစ်သို့ မကြာသေးမီအချိန်က စတင်ထုတ်လုပ်နိုင်ပြီဖြစ်ပြီး ထန်းရည်မှ ထန်းရည်ဝိုင်အဖြစ်သို့လည်း ပြောင်းလဲထုတ်လုပ်လိုသူများအား ကူညီပေးမည်ဖြစ်ကြောင်း သိရှိရသည်။




“သူတို့က နည်းပညာအကူအညီပေးတယ်ဆိုပေမယ့် ဘာတွေဖြစ်လာမှန်မသိသေးပါဘူး။ အခုပဲကြည့်လေ။ ထန်းရည်ရောင်းတာကို နယ်ထဲမှာအရက်လိုင်စင်ရထားတဲ့သူကို လိုင်းကြေးပေးနေရတယ်။ မပေးရင် သူကရဲခေါ်ပြီးဖမ်းတယ်။ တကယ်ဆို ထန်းရည်ရိုးရာတစ်ခုလို့တောင်ပြောလို့ရတယ်။ ဒါပေမဲ့ တရားဝင်ရောင်းလို့ မရဘူး။ ထန်းရည်ကိုလည်း တစ်ပိုင်တစ်နိုင်လုပ်ကိုင်ရောင်းချခွင့် ပေးသင့်တယ်။” ဟု ဒီပဲယင်းမြို့နယ်မှ ထန်းတက် တောင်သူ တစ်ဦးက ပြောသည်။


ထန်းရည်မှာ ကြာရှည်စွာအထားမခံသည့်အတွက် လက်ရှိထန်းလျက် ချက်လုပ်ခြင်း၊ သကြား ထုတ်လုပ်ခြင်းတို့သာ လုပ်ကိုင်နေရကြောင်း၊ ဝိုင်အဖြစ်ပြောင်းလဲထုတ်လုပ်နိုင်ပါက တန်ဖိုးမြှင့် ထုတ်ကုန်များဖြစ်လာကာ ထန်းတက်သမားများအတွက်လည်း ယခင်ထက်ဝင်ငွေ ပိုမိုရရှိလာနိုင်မည်ဖြစ်သည်။ ဂုဏ်ညီ (မြစ်မခ)