အီဗရာဟန်လင်ကွန်းက သူ့သားကျောင်းစတက်တဲ့နေ့မှာ အတန်းပိုင်ဆရာကို ပေးတဲ့စာ

2019-10-18 23:15:18


အီဗရာဟန်လင်ကွန်းက သူ့သားကျောင်းစတက်တဲ့နေ့မှာ အတန်းပိုင်ဆရာကို ပေးတဲ့စာ

အီဗရာဟန်လင်ကွန်းက သူ့သားကျောင်းစတက်တဲ့နေ့မှာ အတန်းပိုင်ဆရာကို ပေးတဲ့စာ


အမေရိကန်နိုင်ငံကို တည်ထောင်ခဲ့တဲ့ သမ္မတကြီး အီဘရာဟင်လင်ကွန်းက သူ့သား ကျောင်းစတက်တဲ့နေ့မှာ အတန်းပိုင်ဆရာကိုပေးဖို့ စာတစောင် သူ့သားနဲ့ ထည့်ပေးဖူးတယ်။


ဆရာခင်ဗျား… ဒီနေ့ ကျွန်တော့်သား ကျောင်းစတက်ပါတော့မယ်၊ သားအတွက် ကျောင်းအတွေ့အကြုံဟာ အရာရာ အစိမ်းသက်သက်၊အသစ်တွေ တွေ့ရမဲ့ ခဏပေါ့၊သားကို ကြင်ကြင်နာနာ ဆက်ဆံပေးဖို့ မေတ္တာရပ်ခံပါတယ်။


သူ့အတွက် စာသင်ရတာ ကမ္ဘာ့တိုက်ကြီးတွေဖြတ်ကျော်တဲ့ နယ်မြေသစ် စွန့်စားခန်းမျိုးများလား မသိဘူး၊ စွန့်စားခန်းလို့ပြောရင် စစ်ပွဲတွေ၊ အနိဋ္ဌာရုံတွေ၊ ဝမ်းနည်းပူဆွေးခြင်းတွေ ဖြစ်ရတာမျိုးတွေ ပါလာတယ်၊ တကယ်တော့ ဒီဘဝ အသက်ရှင်ရေးအတွက် ယုံကြည်ချက်၊မေတ္တာတရား နဲ့ သတ္တိတွေ က ပိုလိုနေကြတာပါ။ ဒီတော့ ဆရာရယ်၊ ဆရာ့မေတ္တာတရား နဲ့ သူ့လက်ကို ဆွဲလို့ သူသိသင့်တာတွေ သင်ပေးပါဆရာ၊ ဖြစ်နိုင်သရွေ့ အကြင်နာတရားရှေ့ထားပြီး ငြင်ငြင်သာသာသင်ပေးပါဗျာ၊၊


အခက်အခဲတွေကြောင့် ရန်သူတွေအားလုံးထဲတောင် မိတ်ဆွေတယောက်တော့ ရှာတွေ့တတ်ကြောင်း၊ လောကမှာ သမာဓိ၊ သစ္စာပျောက်တဲ့ လူတွေ၊ မရိုးသားသူတွေကိုတွေ့တဲ့အခါ သတ္တိဗျတ္တိရှိတဲ့ လူစွမ်းကောင်းတွေလည်းရှိတယ်၊ လိမ်ညာလှည့်ဖြားတတ်တဲ့ နိုင်ငံရေးသမားတွေချည်း မဟုတ်ပဲ တိုင်းပြည်တည်ဆောက်ဖို့ ရည်ရွယ်ချက်ကြီးတဲ့ ခေါင်းဆောင်တစ်ယောက်လည်း လောကမှာ ရှိနိုင်ကြောင်း သူမြင်အောင် သင်ပြပေးပါဆရာ။


လမ်းကကောက်ရတဲ့ တစ်ဒေါ်လာထက် ကိုယ့် လုပ်ခနဲ့ရတဲ့ ငွေဆယ်ပြား က ပိုတန်ဖိုးကြီးတယ်ဆိုတဲ့အသိ၊ မရိုးမသား အမှတ်ယူတာထက် ရိုးရိုးသားသား စာမေးပွဲကျတာ ပိုဂုဏ်ရှိတယ်ဆိုတဲ့အသိ၊ ကျရှုံးတဲ့အခါ ဂုဏ်သိက္ခာနဲ့ ကျရှုံးတတ်ဖို့ နဲ့ အောင်မြင်တဲ့အခါ ပျော်ရွှင်မှုနဲ့ အောင်မြင်တတ်ဖို့လည်း သင်ပေးပါဆရာ။


ဆရာရေ၊ ကျွန်တော့်သားကို လူတွေကိုဆက်ဆံရာမှာ ယဉ်ကျေးသိမ်မွေ့ဖို့၊ ခက်ထန်တဲ့လူတွေနဲ့တွေ့တဲ့အခါ ပြန်မာကြောတတ်ဖို့၊ သူများပိုင်ဆိုင်မှုတွေအပေါ်သွားပြီး လောဘနဲ့ တပ်မက်မှု မရှိစေဖို့ ပဲ့ကိုင်ပေးပါဆရာ။


တယောက်တည်းနေရနေရ ပီတိနဲ့ပျော်ရွှင်နေတတ်စေတဲ့ လှို့ဝှက်ချက်လည်း သင်ကြားပေးပါဆရာ။ ဝမ်းနည်းတဲ့အခါ အရယ်အမောမပျက်အောင်နည်းပြပေးစေချင်သလို မျက်ရည် ကျခြင်းဟာ သိမ်ငယ်စရာ မဟုတ်ဘူး ဆိုတာလည်း သင်ပေးပါ။ ကျရှုံးတဲ့အခါ၊ ကျရှုံးခြင်းတွေထဲက အောင်မြင်မှု ဆိုတာ ရှိတယ်၊ အောင်မြင်မှုခေါင်းစဉ်အောက်မှာ ဆုံးရှုံးခြင်းနဲ့ မျော်လင့်ချက်မဲ့တာတွေ ရှိတယ်ဆိုတဲ့အကြောင်း သားသိစေချင်တယ်၊ မကောင်းမြင်တတ်တဲ့ သူတွေနဲ့တွေ့တဲ့အခါ မခိုးမခန့် ပြုံးတတ်ဖို့ သင်ပေးပါဆရာ။


စာအုပ်တွေ ထဲက အံ့မခန်းပညာတွေကို သင်ပေးရင်း ကောင်းကင်က ပျံနေတဲ့ငှက်တွေ၊နေရောင်အောက်က ပျားပိတုန်းလေးတွေ နဲ့ တောင်ကုန်းစိမ်းစိမ်းက ပန်းပင်တွေ သူခံစားတတ်ဖို့ အချိန်ချန်ပေးပါ ဆရာ၊ သူ့ ရဲ့ အတွေးအခေါ်အယူအဆတွေကို လူတွေပျက်ရည်ပြုကြပါစေ၊ အဲ့ဒီအတွေးခေါ်တွေအပေါ် ယုံကြည်ချက် ယိုင်မသွားတဲ့ စိတ်ဓါတ်မျိုး မွေးမြူလာတတ်အောင်သင်ပေးလိုက်ပါဆရာ။


အများမိုးခါးရေသောက်တိုင်း လိုက်မသောက်တဲ့ သတ္တိမျိုးရှိဖို့ သင်ပေးပါ။ လူတွေပြောသမျှကို နားထောင်နိုင်စွမ်းအားရှိဖို့ သူ့ကိုဆရာသင်တဲ့အခါ၊ ကြားသမျှကိုလည်း အမှန်တရားဆိုတဲ့ ရေစစ်နဲ့စစ်ပြီး အမှန်တရားရေကြည်အပေါ်သာ သုံးသပ်တတ်တဲ့ ဉာဏ်ပညာရှင်ဖြစ်လာအောင် မွေးမြူပေးပါဆရာ။


သူ့ရဲ့ အတတ်ပညာ နဲ့ ဉာဏ်ပညာ ကို လုပ်ခအများဆုံးပေးသူ ကို ရောင်းချတတ်အောင်သင်ပေးတဲ့အခါ သူ့ရဲ့ ခံစားချက်၊ ဝိညာဉ် နဲ့ ချစ်ခြင်း မေတ္တာတွေဟာ ဈေးနှုံးတံဆိပ် ကပ်ပြီးရောင်းဖို့ မဟုတ်ဘူး ဆိုတာလည်း ဆရာရှင်းပြပေးပါ။




စိတ်မြန်စရာရှိ မြန်ဖို့လိုပေမဲ့၊ မကြောက်မရွံ့ စိတ်ရှည်တတ်ဖို့ လည်းလိုကြောင်း၊ မိမိကိုယ်ကို အထင်တကြီး ယုံကြည်တတ်သူတွေသာ တခြားလူတွေနဲ့ဘုရားသခင်ကို အထင်ကြီးမှာမို့ ကိုယ့်ယုံကြည်ချက်၊ရည်မှန်းချက်တွေ ဟာ လူလေးစားဖွယ်ရာ ခန့်ညားမှုရှိကြောင်း ကိုယ်ကိုယ်ကို ယုံကြည်တတ်လာအောင် သင်ပေးပါ၊


ဒီလိုတွေသင်ပေးပါလို့ (သမ္မတ တယောက်အနေနဲ့ ကျောင်းဆရာကို) အမိန့်ပေးပါရစေ၊ ဒါပေမဲ့ ဆရာ ဘယ်လို အကောင်းဆုံး သင်ပေးလဲ ဆိုတာပဲ ကျွန်တော် ကြည့်မှာပါ။ ကျွန်တော့် သားလေးက တကယ်ချစ်စရာကောင်းတဲ့ ကလေးလေးပါ၊ ကျွန်တော့်သွေးပေါ့။


အီဗရာဟင်လင်ကွန်း။ (ကျော်စွာမင်း ဘာသာပြန်သည်)