ပန်းတနော်တွင် စက်လှေမှောက်၍ မောင်နှစ်မ ၂ ဦးပျောက်ဆုံး

2019-08-05 18:49:31


ပန်းတနော်တွင် စက်လှေမှောက်၍ မောင်နှစ်မ ၂ ဦးပျောက်ဆုံး

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်တွင် ဩဂုတ်လ ၄ ရက်နေ့က စက်လှေတစ်စီးတိမ်းမှောက်ခဲ့ပြီး စက်လှေပေါ်လိုက်ပါလာသူ မောင်နှစ်မ ၂ ဦးလုံးပျောက်ဆုံးခဲ့ကြောင်း သတင်းရသည်။


ကဿ ဝင်ကျေးရွာအုပ်စု၊ ရွှေသောင်ယံကျေးရွာနေ အသက် ၁၃ နှစ်အရွယ် ၇ တန်းကျောင်းသူ မကေသွယ်အောင်ကို အသက် ၁၉ နှစ်အရွယ် အစ်ကိုဖြစ်သူ မောင်မျိုးကိုမှ ဝင်ခေါ်၍ စက်လှေဖြင့်ပြန်လာချိန် မြစ်အတွင်းနစ်မြုပ်ခဲ့ကြောင်း မြို့နယ်အုပ်ချုပ် ရေးဦးစီးဌာနမှ သိရသည်။


” စက်လှေကသေးတော့ မိုးနဲ့ လေတိုက်တဲ့ အချိန်မှာမထိန်းနိုင်လို့ မှောက်သွားတာဖြစ်နိုင်တယ်”ဟု ကဿ ဝင်ကျေးရွာအုပ်ချုပ် ရေးမှူးရုံးစာရေး ဦးကျော်အောင်က ဧရာဝတီတိုင်းမ်ကိုပြောသည်။


ကျောင်းနှင့် နေထိုင်သည့်ကျေးရွာမှာ ၃ မိုင်ခန့် ဝေးပြီး စက်လှေဖြင့်သွားပါက မိနစ် ၃၀ ခန့် ကြာမြင့်ကြောင်း ညီမဖြစ်သူ လပတ်စာမေးပွဲ ဖြေဆိုသည်ကို လာခေါ်၍ပြန်ချိန် ကျုံကရင်ကျေးရွာအနီးတွင် နစ်မြုပ်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။


“ကျတော်တို့ သိတော့ နေ့ လည် ၁ နာရီခွဲလောက်ရှီပြီ။ သိသိချင်းစက်လှေနဲ့ လိုက်သွားတော့ ရွာအနီးကလူတွေနဲ့  အုပ်ချုပ်ရေးပိုင်းကတာဝန်ရှိသူတွေ လိုက်ရှာနေပေမယ့် မတွေ့ ရှိသေးဘူး”ဟု ကျောင်းအုပ်ဆရာကြီး ဦးမြင့်ကျော်က ဧရာဝတီတိုင်းမ်သို့ ပြောသည်။


မောင်နှစ်မ ၂ ဦးနှစ်မြုပ်ခဲ့သည် နေရာအနီး တစ်ဝိုက်သို့ ဒေသခံများ၊ မိသားစုဝင်များနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းရှာဖွေရာ နစ်မြုပ်ခဲ့သည့် စက်လှေကိုသာပြန်လည်တွေ့ရှိပြီး မောင် နှစ်မ ၂ ဦးကိုတော့ ပြန်မတွေ့သေးကြောင်း ဒေသခံများထံမှသိရသည်။


ပျောက်ဆုံးခဲ့သည့် ကျေးရွာနှင့်အနီးတစ်ဝိုက် တွင် ဒေသခံများ၊ မိသားစုဝင်များနှင့် တာဝန်ရှိသူများက မောင်နှစ်မ ၂ ဦးကို အမြန်တွေ့ရှိရေး ကြိုးစားရှာဖွေးနေကြောင်း သိရှိရသည်။


ဝါးခယ်မမြို့နယ်တွင် သြဂုတ်လ ၁ ရက်နေ့ ကသဘော့ချောင်းအတွင်း စက်လှေနစ်စီးတိုက်မိ၍ ၇ တန်းကျောင်းသူ မပန်းအိဖြူ ရေနစ် ပျောက်ဆုံးခဲ့သည်။


Ayeyarwaddy Times