သိန်း ၆၀၀ ခန့်တန်ဖိုးရှိ ရတနာများနှင့်ငွေသားများ အနုကြမ်းဝင်စီးမှုဖြစ်ပွား

2019-08-05 18:51:57


သိန်း ၆၀၀ ခန့်တန်ဖိုးရှိ ရတနာများနှင့်ငွေသားများ အနုကြမ်းဝင်စီးမှုဖြစ်ပွား

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်မြို့၌ တန်ဖိုးကြီးရတနာများနှင့် ငွေသားများအနုကြမ်းဝင်စီးမှု ဖြစ်ပွားကြောင်း စုံစမ်းသိရှိရသည်။


“ကော့သောင်းမြို့နယ်၊ ၁၀ မိုင်ကျေးရွာ၊ အမှတ်(၁၈)၊ ဗိုလ်ချုပ်လမ်းရှိ ၃ ထပ်တိုက်၌ ဦးအောင်စိုး၊ ၆၆ နှစ်သည် သြဂုတ်လ ၄ ရက်က နေအိမ်ဒုတိယထပ်၌ အိပ်ပျော်စဉ် ညည့် ၁၂ နာရီခွဲခန့်တွင် ၎င်းအားလှုပ်နှိုးပြီး အနုကြမ်း ဝင်စားသွားခြင်း”ဟု ရဲမှတ်တမ်းအရ သိရသည်။


လှုပ်နိုးသူက အမည်မသိအမျိုးသားတစ်ဦး ဖြစ်ပြီး ဓားမြှောင်တစ်ချောင်း ကိုင်ဆောင်လျက် ပိုက်ဆံထုတ်ပေး ရန် ပြောဆိုသဖြင့် အိပ်ယာဘေး၌ရှိသော အနက်ရောင် သားရေလက်ဆွဲအိတ်အတွင်းရှိ ငွေ ၁၀ သိန်းကျပ် ထုတ်ပေးခဲ့သည်ဟု သိရသည်။




အနုကြမ်းစီးသူက ဦးအောင်စိုး၏နောက်ကျောကို ဓားမြှောင်ဖြင့် ထောက်ကာ မီးခံသေတ္တာသော့ ထပ်မံဖွင့်ခိုင်း၍ ဖွင့်ပေးခဲ့ပြီးနောက် ဦးအောင်စိုးကို အနီးရှိကုလားထိုင်၌ ထိုင်စေပြီး မျှော့ကြိုးဖြင့် ခြေ/လက်နှစ်ဖက်တို့ကိုပူးချည်ကာ မီးခံသေတ္တာအတွင်းရှိ ရတနာပစ္စည်းမျိုးစုံ(တန်ဖိုး – ၅၈၈,၅၀၀,၀၀) ကျပ်သိန်း(၆၀၀) နီးပါးခန့်နှင့် ငွေသား ၁၀ သိန်းကျပ်တို့ကို ယူဆောင်သွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။




“အဲဒီအမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ဘာမှပြောလို့ မရသေးလို့ပါ။ အမှုကိုတော့ဖွင့်လှစ်ပေးပြီးပါပြီ။ ပြစ်မှုကျူးလွန်သူကို စုံစမ်းရှာဖွေနေဆဲပါ” ဟု ကော့သောင်းမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးအောင်မိုးက RND သတင်းအေဂျင်စီကို ပြောဆိုသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ ကော့သောင်းမြို့မရဲစခန်း မှ (ပ)၁၆၉၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ- ၃၉၂ ဖြင့် အမှုဖွင့်လှစ်ပြီး ပြစ်မှုကျူးလွန်သူ ဖမ်းဆီးရမိရေး အတွက် စစ်ဆေးနေကြောင်း သတင်းရရှိသည်။


သတင်း-သာခိုင်(မုနိမြီ)/ ဓာတ်ပုံ – ထိုက်ငယ်  Real News Distribution Agency