မန္တလေးတွင် အရက်သောက်စားမူးယစ်ကာ လမ်းပေါ်တက် အော်ဟစ်ဆဲဆိုနေသည့် တရုတ်နိုင်ငံသားတစ်ဦးကို အမူဖွင့်အရေးယူ

2019-08-05 23:25:11


မန္တလေးတွင် အရက်သောက်စားမူးယစ်ကာ လမ်းပေါ်တက် အော်ဟစ်ဆဲဆိုနေသည့် တရုတ်နိုင်ငံသားတစ်ဦးကို အမူဖွင့်အရေးယူ

မန္တလေးတွင် အရက်သောက်စားမူးယစ်ကာ လမ်းပေါ်တက် အော်ဟစ်ဆဲဆိုနေသည့် တရုတ်နိုင်ငံသားတစ်ဦးကို အမူဖွင့်အရေးယူ


မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၆၉လမ်းနှင့် ၃၅လမ်းထောင့် လမ်းပေါ်တွင် အရက်သေစာ သောက်စားမူးယစ်ကာ လမ်းသွားလမ်းလာများ စိတ်အနှောင့်အယှက်ဖြစ်စေရန် အော်ဟစ်ဆဲဆိုနေသည့် တရုတ်နိုင်ငံသားတစ်ဦးကို အမူဖွင့်အရေးယူထားကြောင်း မန္တလေးမြို့ အမှတ်(၉)ရဲစခန်းမှ သတင်းရရှိသည်။


သြဂုတ်(၃)ရက် ည(၁၁)နာရီကျော်အချိန်က အမှတ်(၉)ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ စုပေါင်း၍ လှည့်ကင်းဆောင်ရွက်နေချိန် မဟာမြိုင်(၁)ရပ်ကွက်၊ ၆၉လမ်းနှင့် ၃၅လမ်းထောင့်တွင် အော်ဟစ်ဆဲဆိုနေသည့် လူငယ်အမျိုးသားတစ်ဦးကို တွေ့ရှိသဖြင့် ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။


အဆိုပါ မူးယစ်ဆဲဆိုနေသူမှာ အသက်(၁၉)နှစ်အရွယ် တရုတ်နိုင်ငံသား Mr. Lu Danxing ဆိုသူဖြစ်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်ဖြစ်သည်။ ၎င်းသည် စီးပွားရေးဗီဇာဖြင့် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းဖြစ်ကာ ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာအုပ်စု၊ ကြူပန်းကျေးရွာရှိ အစာကြိတ်စက်ရံတစ်ခုတွင် လာရောက်အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။


အရက်သောက်စားမူးယစ်ကာ လမ်းသွားလမ်းလာများအား အနှောင့်အယှက်ပြုသူ အသက်(၁၉)နှစ်အရွယ် တရုတ်နိုင်ငံသားကို မန္တလေးမြို့ အမှတ်(၉)ရဲစခန်းတွင် ရဲအက်ဥပဒေ ပုဒ်မ ၄၇ ဖြင့် အမူဖွင့်အရေးယူထားသည်။ ထို့အပြင် အဆိုပါအမျိုးသားကို ဗီဇာစည်းကမ်း ဖောက်ဖျက်မူအတွက် လူဝင်မူကြီးကြပ်ရေး လတ်တလောပြဌာန်းချက်ဥပဒေ ပုဒ်မ ၄(၂)၊ ၁၃(၁)ဖြင့် အမူဖွင့် အရေးယူရန် စီစဉ်နေသလို ၎င်းအလုပ်လုပ်ကိုင်နေသည့် အစာကြိတ်စက်ရုံသို့ ဆက်သွယ်ထားကာ ပါတ်စ်ပို့အမြန်လာရောက်အပ်နှံရေး ဆောင်ရွက်လျှက်ရှိကြောင်း အမှတ်(၉)ရဲစခန်းမှ သတင်းရရှိသည်။


ဓါတ်ပုံ – အမ်တီ။


#Mandalay_Indepth_News #Mandalay_News #Crime #News #Mandalay #Chinese