မွန်ဂိုလီးယားကို အနိုင်ယူ ရှုံးကြွေးဆပ်လိုက်သည့် မြန်မာအသင်းအတွက် ကျပ်သိန်း ၅၀၀ ချီးမြှင့်

2019-11-20 10:38:25


မွန်ဂိုလီးယားကို အနိုင်ယူ ရှုံးကြွေးဆပ်လိုက်သည့် မြန်မာအသင်းအတွက် ကျပ်သိန်း ၅၀၀ ချီးမြှင့်

မွန်ဂိုလီးယားကို အနိုင်ယူ ရှုံးကြွေးဆပ်လိုက်သည့် မြန်မာအသင်းအတွက် ကျပ်သိန်း ၅၀၀ ချီးမြှင့်


၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ မွန်ဂိုလီးယားအသင်းကို (၁-၀) ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ မြန်မာ့ လက်ရွေးစင်အသင်းကို မြန်မာနေရှင်နယ်လိဂ် MNL အသင်းပိုင်ရှင်တွေက ကျပ်သိန်း ၂၀၀နဲ့ မြန်မာဘောလုံးအဖွဲ့ချုပ် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က ကျပ်သိန်း ၃၀၀၊ စုစုပေါင်း ကျပ်သိန်း ၅၀၀ ဂုဏ်ပြု ချီးမြှင့်လိုက်ပါတယ်။


ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု F ပွဲစဉ်တခုအဖြစ် နိုဝင်ဘာ ၁၉ ရက် ညနေက မန္တလေးမြို့ရှိ မန္တလာသီရိ အားကစားကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြရာမှာ မြန်မာအသင်းက တိုက်စစ်ဖွင့်က စားခဲ့ပြီး ကွင်းလယ်ကစားသမား လှိုင်းဘိုဘို ပွဲချိန် ၁၇ မိနစ်မှာ သွင်းယူတဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ မြန်မာလက်ရွေးစင်အသင်းက မွန်ဂိုလီးယားအသင်းကို အနိုင်ရရှိခဲ့တာပါ။



ဒီပွဲ အနိုင်ရတဲ့အတွက် ကျေနပ်တဲ့အကြောင်းနဲ့ ပရိသတ်ကို ကျေးဇူးတင်တဲ့အကြောင်း မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် အန်တွမ်နီဟေးက ပွဲအပြီးမှာ ပြောပါတယ်။


“ဒီနေ့ပွဲ ရလဒ်ကို ကျေနပ်ပါတယ်။ ပစ်မှတ်ထားခဲ့တဲ့အတိုင်း နှစ်ပွဲမှာ ၆ မှတ်အပြည့် ရယူနိုင်ခဲ့ပါတယ်။ နည်းပြအဖွဲ့ဝင်တွေ ကစားသမားတွေ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်နိုင်ခဲ့လို့ အခုလို အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဂိုးအများကြီး မသွင်းနိုင်ပေမယ့် ပရိသတ်အနေနဲ့ ကျေနပ်မယ်လို့ ထင်ပါတယ်။


အဆုံးသတ်ပိုင်းမှာ အားနည်းခဲ့ပြီး ဒုတိယဂိုး သွင်းနိုင်ရင် ပိုကောင်းမှာ ဖြစ်ပေမယ့် မရခဲ့လို့ အနည်းငယ် ရုန်းကန်ခဲ့ရပါတယ်။ တခဲနက် အားပေးတဲ့ ပရိသတ်ကိုလည်း ကျေးဇူးတင်ပါတယ်။”


ဒီပွဲမှာ အဝါကတ်ပြခံခဲ့ရတဲ့ မွန်ဂိုလီးယားလက်ရွေးစင်အသင်း နည်းပြချုပ် မိုက်ကယ်ဝစ်ကတော့ ခက်ခက်ခဲခဲ ကစားခဲ့ရတဲ့ အကြောင်းနဲ့ မြန်မာအသင်းဟာ လာမယ့်ပွဲတွေမှာ ပိုကောင်းလာမယ့်အသင်း ဖြစ်တယ်လို့ ပြောပါတယ်။




“ဒီပွဲမှာ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ မြန်မာအသင်းရဲ့ ကစားပုံက ပထမအကျော့ပွဲကထက် ပိုကောင်းလာပါတယ်။ ကျနော်တို့ အသင်းမှာ အမှားအချို့ ရှိခဲ့ပြီး မြန်မာအသင်းမှာ တဦးချင်း ထူးချွန်တဲ့ ကစားသမားတွေ ရှိနေပါတယ်။


မောင်မောင်လွင်၊ အောင်သူ၊ ဇော်မင်းထွန်း တို့ရဲ့ တဦးချင်း စွမ်းဆောင်ရည်က ကျနော်တို့အသင်းအတွက် ခက်ခဲစေခဲ့ပါတယ်။ မြန်မာအသင်းဟာ လာမယ့်ပွဲတွေမှာ ပိုကောင်းလာမယ့် အသင်းလို့ သုံးသပ်မိပါတယ်။




မြန်မာအသင်းဟာ ပထမကအကျော့ မွန်ဂိုလီးယားနိုင်ငံမှာ သွားရောက် ကစားခဲ့တဲ့ အဝေးကွင်းပွဲစဉ်မှာ (၁-၀)ရဲ့ ရှုံးနိမ့်ထားတာကို အိမ်ကွင်းမှာ ရှုံးကြွေး ပြန်ဆပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။


ဒီပွဲနိုင်လိုက်တဲ့အတွက် အုပ်စု (F) မှာ အောက်ဆုံးနေရာမှာ ရှိနေတဲ့ မြန်မာအသင်းက ၂ ပွဲနိုင်၊ ရမှတ် ၆ မှတ်နဲ့ မွန်ဂိုလီးယားရဲ့ အထက် အဆင့် ၄ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ အုပ်စုထိပ်မှာတော့ ဂျပန်အသင်းက ၁၂ မှတ်နဲ့ ထိပ်ဆုံးက ဦးဆောင်နေပြီး ကာဂျစ္စတန်နဲ့ တာဂျစ်ကစ္စတန်အသင်းတွေက ရမှတ် ၇ မှတ်စီနဲ့ ဒုတိယနဲ့ တတိယ နေရာမှာ ရပ်တည်နေပါတယ်။




၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စုပွဲတွေကို ၂၀၂၀ ပြည့်နှစ် မတ်လမှာ ပြန်လည်ကျင်းပမှာ ဖြစ်ပါတယ်။


Photo – Ye Myo Khant / MPA

DVB