ကုသိုလ်ကံအရ ဘုရင်ဖြစ်ခဲ့ပေမယ့်၊ နန်းစံသက်အတိုဆုံး ဖြစ်ခဲ့တဲ့ဘုရင်များ အပိုင်း(၂)

2019-11-20 11:00:41


ကုသိုလ်ကံအရ ဘုရင်ဖြစ်ခဲ့ပေမယ့်၊ နန်းစံသက်အတိုဆုံး ဖြစ်ခဲ့တဲ့ဘုရင်များ အပိုင်း(၂)

ကုသိုလ်ကံအရ ဘုရင်ဖြစ်ခဲ့ပေမယ့်၊ နန်းစံသက်အတိုဆုံး ဖြစ်ခဲ့တဲ့ဘုရင်များ အပိုင်း(၂)


မနေ့က D Nae Khit Media က ကုသိုလ်ကံအရ ဘုရင်ဖြစ်ခဲ့ပေမယ့်၊ နန်းစံသက်အတိုဆုံး ဖြစ်ခဲ့တဲ့ဘုရင်များအကြောင်း အပိုင်း(၁)ကို ဖော်ပြခဲ့ပြီးပါပြီ။ အခု ဒီနေ့ အပိုင်း(၂)ကိုဆက်လက်ပြီး ဖော်ပြပေးမှာပါ။ မနေ့တုန်းက ဆောင်းပါးမှာတော့ နန်းစံသက်အတိုဆုံးတွေကို အစဉ်အတိုင်း ဖော်ပြခဲ့တာပါ။ အခု (၅)ဦးကတော့ လက်ကျန်စာရင်း ဖြစ်ပါတယ်။


(၁) KING JOHN I (ပြင်သစ်) နန်းစံသက် (၅)ရက်


ပြင်သစ်နိုင်ငံမှာ (၁၃၀၀)ခုနှစ်များဆီက နိုင်ငံရေးအရ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဘုရင် King John I ဟာ ဘုရင်ကြီး King Louis X ရဲ့သားတော်ပါ။ King Louis X ဟာ (၁၃၁၆)ခုနှစ် ဇွန်လ(၅)ရက်မှာ နတ်ရွာလားခဲ့ပြီး၊ ထိုစဉ်က John I က မမွေးသေးပါဘူး။


ဘုရင်ကြီးဆုံးလို့ (၄)လအကြာမှာ နိုဝင်ဘာ(၁၅)ရက်မှာ John I က မွေးဖွားခဲ့တာပါ။ နန်းတော်စည်းမျဉ်းတွေရ သူ့ကို မွေးမွေးချင်းပဲ မူးမတ်တွေက နန်းအပ်ခဲ့ပါတယ်။ အကြောင်းကတော့ နန်းတော်ကို လုချင်တဲ့ ဆွေတော်မျိုးတော်တွေ ရှိနေလို့ပါ။ John I ဟာ နန်းအပ်ပြီး (၅)ရက်အကြာမှာ သေဆုံးခဲ့ပါတယ်။ ထိုစဉ်က သူဟာ (၅)ရက်သားသာ ရှိပါသေးတယ်။


သေဆုံးရတဲ့ အကြောင်းအရင်းကတော့ နန်းလိုချင်တဲ့ ဦးလေးတော် Philippe V က အဆိပ်ခတ်သတ်ခဲ့တာလို့လည်း ဆိုပါတယ်။ တစ်ချို့ကလည်း ဓားနဲ့ထိုးသတ် လုပ်ကြံတာလို့လည်း ဆိုကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Philippe V ဟာ John I လွန်တော့ ဘုရင်ဖြစ်လာခဲ့ပါတယ်။ သူကတော့ (၆)နှစ်အထိ နန်းစံခဲ့ပါတယ်။


(၂) သြစတေးလျဝန်ကြီးချုုပ် FRANK FORDE (အာဏာသက်တမ်း (၇)ရက်)


အထွတ်အထိပ် အာဏာရခဲ့သူတွေထဲမှာတော့ Frank Forde လည်း ပါဝင်ခဲ့ပါတယ်။ သူဟာ သြစတေးလျှ ဝန်ကြီးချုပ်အဖြစ် (၇)ရက်သာ ကြာရှည်ခဲ့ပါတယ်။ လေဘာပါတီရဲ့ခေါင်းဆောင်ဖြစ်ပြီး၊ သူဟာ Capricornia ရဲ့ ဖက်ဒရယ်အရေး ကိုယ်စားလှယ်အဖြစ် (၂၄)နှစ် တာဝန်ယူခဲ့သူပါ။ နောက်တော့ သူဟာ သြစတေးလျရဲ့ ဒုဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး-


စစ်ဝန်ကြီး၊ စစ်ရေးစစ်ရာဆိုင်ရာ အကြံပေးအဖွဲ့ဝင်နဲ့ အကောက်ခွန်ရာထူးတွေကို ပူးတွဲတာဝန် ထမ်းဆောင်ခဲ့ပါတယ်။ (၁၉၄၅)ခုနှစ် ဇူလိုင်မှာ ဝန်ကြီးချုပ်ဖြစ်တဲ့ John Curtin က နှလုံးရောဂါနဲ့သေဆုံးတော့၊ Frank က ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။


ဒါပေမယ့် လေဘာပါတီနဲ့ သဘောထားကွဲလွဲပြီး သူ့ကို ဝန်ကြီးရာထူးကနေ ပါတီကောင်စီက ဖယ်ရှားကာ Ben Chifley ကို ချက်ချင်းဆိုသလို ဝန်ကြီးချုပ်ရာထူးပေးခဲ့ပါတယ်။ Frank ဟာ (၇)ရက်သာ အာဏာရခဲ့ပြီး၊ (၁၉၄၅)ခုနှစ် ဇူလိုင်(၆)ရက်ကနေ (၁၃)ရက်အထိသာ အာဏာရခဲ့ပါတယ်။


(၃) အင်္ဂလန်ဘုရင်မ JANE GREY (နန်းစံသက် (၉)ရက်)


အင်င်္ဂလန်ရဲ့ထီးနန်းကို စိုးစံသူတွေထဲမှာ နန်းစံအသက်အတိုဆုံးဘုရင်မကတော့ Lady Jane Grey  ဖြစ်ပါတယ်။ သူမဟာ နန်းစံသက် (၉)ရက်သာ ရှိခဲ့ပါတယ်။ သူမကို နှောင်းခေတ်သမိုင်းဆရာတွေက Nine Days’ Queen လို့ ဖော်ပြကြပါတယ်။ သူမဟာ အစ်ကိုဝမ်းကွဲ King Edward VI ရဲ့အရိုက်အရာကို ဆက်ခံခဲ့ပါတယ်။ King Edward VI ဟာ တီဘီရောဂါနဲ့ မသေခင်မှာ Jane ကို အရိုက်အရာအဖြစ် ထားခဲ့တာပါ။


Jane ဟာ Edward VI လိုပဲ ပရိုတက်စတင့်ဘာသာဝင်ဖြစ်တဲ့အတွက်၊ ဖအေတူမအေကွဲညီမ Mary Tudor ကို နန်းမပေးချင်ခဲ့ပါဘူး။ Mary က ကက်သလစ်ဖြစ်လို့ အဲဒီတုန်းက ဒီဘာသာနှစ်ခုကြားမှာ ကြီးမားတဲ့ ပဋိပက္ခဖြစ်နေချိန်ပါ။ Mary ဟာ နန်းစဉ်ရာထူးကနေ ဖယ်ရှားခံလိုက်ရချိန်မှာ တော်လှန်ပုန်ကန်ပြီး နန်းတော်ကို လုခဲ့ပါတယ်။


Jane ဟာ နန်းစံသက်(၉)ရက်သာရှိသေးချိန်မှာ Mary ရဲ့ အကျဉ်းသားဖြစ်ခဲ့ပြီး၊ နန်းတော်ကို လွှဲပေးခဲ့ရပါတယ်။ သူမဟာ (၁၅၅၃)ခုနှစ် ဇူလိုင် (၁၀)ရက်ကနေ (၁၉)ရက်သာ နန်းစံခဲ့ရပါတယ်။ ကနဦးတုန်းကတော့ Mary ဟာ နန်းကျဘုရင်မ Jane ကို မကွပ်မျက်ပါဘူး။ ဒါပေမယ့် Jane ရဲ့ဖခင်က လူသူစုဆောင်းပြီး တော်လှန်ပုန်ကန်လို့ သူမကို (၁၉၅၄)ခုနှစ် ဖေဖော်ဝါရီ (၁၂)ရက်မှာ ကွပ်မျက်လိုက်ပါတယ်။ သေဆုံးချိန်မှာ အသက်(၁၆-၁၇)သာ ရှိပါသေးတယ်။


(၄) ပုပ်ရဟန်းမင်းကြီး URBAN VII (သာသနာပြုရက် (၁၂)ရက်)


ရိုမန်ကက်သလစ်ဝတ်ကျောင်းတော်ရဲ့ ဦးစီးအာဏာပိုင်အဖြစ် အမြင့်ဆုံးရာထူး ရယူခဲ့သူတွေထဲမှာ ပုပ်ရဟန်းမင်းကြီး Urban VII ဟာ သာသနာပြုရက် အတိုဆုံးဖြစ်ခဲ့ပါတယ်။ သူဟာ ပုပ်ရဟန်းမင်းကြီးအဖြစ် တင်မြှောက်ခံရပြီး (၁၂)ရက်အကြာမှာ သေဆုံးခဲ့တာပါ။ သူ့ငယ်နာမည်မှာ Giovanni Battista Castagna ဖြစ်ပါတယ်။ အီတလီလူမျိုးပါ။


(၁၅၉၀) ခုနှစ် စက်တင်ဘာလ (၁၅)ရက်မှာ ပုပ်ရဟန်းမင်းကြီး ဖြစ်လာခဲ့ပြီး ဘုရားကျောင်းများအတွင်း ဆေးလိပ်မသောက်ရအမိန့်ကို ထုတ်ပြန်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် တာဝန်ထမ်းဆောင်လို့ (၁၂)ရက်အကြာ သူ့ရုံးခန်းထဲမှာ ရုတ်တရက် ငှက်ဖျားရောဂါကြောင့် သေဆုံးခဲ့ပါတယ်။ သူ့နေရာကို ပုပ်ရဟန်းမင်းကြီး Gregory XIV က လက်ခံရယူခဲ့ပါတယ်။


(၅) အီတလီဘုရင် UMBERTO II (နန်းစံသက် (၃၄)ရက်)


အီတလီဘုရင် Umberto II ဟာ ဖခမည်းတော်ဘုရင်ကြီး Vittorio Emanuele III ရဲ့ အရိုက်အရာကို ဆက်ခံခဲ့သူပါ။ ဥရောပဘုရင်တွေ တော်တော်များများလိုပဲ ပြည်သူရဲ့ဖိအားကို အကြီးအကျယ်ခံခဲ့ရပါတယ်။ သူ အုပ်စိုးတဲ့နှစ်မှာပဲ နန်းဆက် ဒါမှမဟုတ် ဘုရင်စနစ်ကို ဖျက်သိမ်းလိုတဲ့ ပြည်သူတွေက ပိုပြီးအားကောင်းလာခဲ့ပါတယ်။ သူဟာ (၁၉၄၆) မေလ မှာ ဘုရင်ဖြစ်လာခဲ့ပါတယ်။


ဒါကြောင့် သူဟာနန်းစံသက် (၃၄)ရက်အကြာမှာ ဘုရင်အဖြစ်က ဖယ်ရှားခံခဲ့ရပြီး၊ အီတလီရဲ့နောက်ဆုံး မင်းဆက်ဖြစ်လာခဲ့ပါတယ်။ သူ့ကို May King လို့ ဖော်ပြကြပါတယ်။ သူ့ကို အီတလီလူထုက ဆန္ဒခံယူပွဲကနေ မဲအပြတ်အသက်နဲ့ ဖယ်ရှားခဲ့တာဖြစ်ပြီး ပြည်သူရွေးတဲ့သူအုပ်ချုပ်တဲ့ သမ္မတနိုင်ငံ ဖြစ်လာခဲ့ပါတယ်။


လင်းဇော်ကို ( D Nae Khit Media )