ပေါက်တောမွတ်ဆလင်ဒုက္ခသည်စခန်း မီးလောင်၊ မိန်းကလေးငယ် ၂ ဦးသေဆုံး

2019-11-20 14:32:04


ပေါက်တောမွတ်ဆလင်ဒုက္ခသည်စခန်း မီးလောင်၊ မိန်းကလေးငယ် ၂ ဦးသေဆုံး

ပေါက်တောမွတ်ဆလင်ဒုက္ခသည်စခန်း မီးလောင်၊ မိန်းကလေးငယ် ၂ ဦးသေဆုံး


ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ပုဏ္ဏားကြီးကျေးရွာအုပ်စုရှိ ငှက်ချောင်းမွတ်ဆလင် ဒုက္ခသည်စခန်းတန်းလျားမှာ မနေ့မွန်းလွဲ ၁ နာရီလောက်က မီးလောင်မှုကြောင့် မိန်းကလေးငယ်နှစ်ဦး သေဆုံးသွားတယ်လို့ ပေါက်တောမြို့နယ် မီးသတ်ဌာနက ပြောပါတယ်။


ပေါက်တောမြို့နယ် မီးသတ်ဦးစီမှူး ဦးမျိုးမင်းထွန်းက “ကလေးမနှစ်ယောက် မီးထဲပါသွားပေါ့။ ဘယ်လိုကြောင့်လဲဆိုတော့ မီးလောင်နေတဲ့အချိန်မှာ အဲ့ဒီကလေးမလေးတွေက အိပ်နေတဲ့ သဘောရှိတယ်။ ခြင်ထောင်ထဲမှာအိပ်နေတဲ့သဘောရှိတယ်သူတို့က၊ မီးလောင်တဲ့ အချိန်မှာ ဟိုဆွဲဒီဆွဲရင်အဲ့ကလေးတွေက ခြင်ထောင်ထဲမှာ လုံးထွေးရင်းနဲ့ အထဲမှာ ရောပါသွားတဲ့ ပုံစံမျိုးပေါ့”လို့ ပြောပါတယ်။


သေဆုံးသွားတဲ့ကလေးငယ် နှစ်ဦးဟာ အသက် ၁ နှစ် ၇ လ အရွယ် မဂျီဒါဘီနဲ့ အသက် ၄ နှစ် အရွယ် မရှော်ဖီနီတို့ဖြစ်ပါတယ်။မီးလောင်မှုကြောင့် အိုင်ဒီပီ ဒုက္ခသည်စခန်းက (၈)ခန်းတွဲ တန်းလျား (၂)လုံး၊ (၁၅×၁၅×၁၀)ပေ(၁၃)လုံး၊ (၃၀×၃၀×၁၅)ပေ (၁)လုံး စုစုပေါင်း(၁၆)လုံး အုပ်မိုးထရံကာနေ အိမ်တွေ မီးလောင်ခဲ့ပြီး ကာလတန်ဖိုးကျပ် ၇၄ သိန်းကျော်ဖိုးလောက် လောက်ဆုံးရှုံးသွားတယ်လို့ မိသတ်ဦးစီမှူးက ပြောပါတယ်။


အဲ့ဒီမီးလောင်မှုဟာ အိုင်ဒီပီစခန်း အဆောင်အမှတ် ၂၉ အခန်း နံပါတ် ၉ အခန်းရှိ မီးကြွင်းမီးကျန်ကနေ စတင်လောင်ကျွမ်းတာဖြစ်ပြီး အဆောင်ပိုင်ရှင်ကို အမှုဖွင့် အရေးယူထား ပါတယ်။




ငှက်ချောင်းမွတ်ဆလင်ဒုက္ခသည်စခန်း မီးလောင်တဲ့နေ့ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စခရစ္စတင်းရွှာနာဘာဂီနာဟာ ပေါက်တောမြို့နယ်က ဆင်တမော် မွတ်ဆလင်ကယ်ဆယ်ရေးစခန်းကို ရောက်ရှိတဲ့နေ့နဲ့လည်း တိုက်ဆိုင်နေပါတယ်။


ဓာတ်ပုံ- Rakhine Fire Force

DVB