ကလေးရဲ့ မိန်းမကိုယ်မှာ သုက်ပိုးတွေ့ရှိ လို့ မှုခင်းဆရာဝန် ထွက်ဆို

2019-11-20 21:09:15


ကလေးရဲ့ မိန်းမကိုယ်မှာ သုက်ပိုးတွေ့ရှိ လို့ မှုခင်းဆရာဝန် ထွက်ဆို

ကလေးရဲ့ မိန်းမကိုယ်မှာ သုက်ပိုးတွေ့ရှိ လို့ မှုခင်းဆရာဝန် ထွက်ဆို


နေပြည်တော် Wisdom Hill မူကြိုကျောင်းက အသက် ၃ နှစ် အရွယ် ကလေးငယ် တစ်ဦး လိင်ပိုင်းဆိုင်ရာ စော်ကားခံရတယ် ဆိုတဲ့ ဗစ်တိုးရီးယားအမှု ရဲ့ ၁၁ ကြိမ် မြောက် ရုံးချိန်းကို နေပြည်တော် ဒက္ခိဏ ခရိုင် တရားရုံးမှာ ဆက်လက် စစ်ဆေးခဲ့ရာ


မနက်ပိုင်း တရားခွင်မှာ မှုခင်း ဆရာဝန်ကြီး ဒေါက်တာ တင်မိုးမိုးခိုင် က ဆေးစာတွေ့ရှိချက်တွေကို ရုံးတော်မှာ ထွက်ဆိုသွားခဲ့တယ်လို့ တရားခွင်မှာ ကိုယ်တိုင် ရောက်ရှိ သတင်းယူနေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။


မိခင် ဖြစ်သူက ဗစ်တိုးရီးယား (အမည်ရင်း မဟုတ်) ကလေးငယ်မှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရခြင်း သံသယ ရှိတယ် ဆိုပြီ တင်ပြ လာတဲ့ အတွက် မေလ ၁၆ ရက်၊ ၂၀၁၉ ခုနှစ် ည ၉ နာရီ ၄၀ မိနစ် အချိန်မှာ ကနဦး စမ်းသပ် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆရာဝန်က ထွက်ဆိုပါတယ်။


ကနဦး စစ်ဆေးချက် အရ အဖျားမရှိပါ၊ သွေးပေါင်ချိန်က ၉၀/၆၀ ၊ ဝမ်းဗိုက်မှာ နာကျင်ခြင်းမရှိ၊ ခန္ဓာကိုယ်အနေအထား ရွှင်လန်းနေတယ် ဆိုပါတယ်။ ကလေးငယ်ရဲ့ မိန်းမကိုယ်ကို စစ်ဆေးရာမှာ ပွန်းပဲ့ ဒဏ်ရာ တွေ့ရှိရပြီး သွေးထွက်နေတာကို တွေ့ရှိရတဲ့ အတွက် နေပြည်တော် ကုတင် ၁,၀၀၀ ဆေးရုံ ရှိ ကျား-မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အမှုအခင်းများ အတွက် တစ်နေရာတည်း စစ်ဆေးနိုင်တဲ့ ဌာနကို လွှဲပြောင်း ပေးခဲ့တယ်ဆိုပါတယ်။


အဲဒီနောက် မေလ ၁၇ ရက် ရက် နံနက် ၁၁ နာရီ မိနစ် ၂၀ အချိန်မှာ ဆေးရုံ မှတ်တမ်း တင်ပြီး ကလေးငယ်ကို ထပ်မံ စစ်ဆေးခဲ့တယ်လို့ မှုခင်း ဆရာဝန်ကြီး က ထွက်ဆိုပါတယ်။ စစ်ဆေးတွေ့ရှိချက်မှာ ကလေးငယ်ရဲ့ မိန်းမကိုယ်က အရည်ကို ယူပြီး စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲခန်း တွေ့ရှိချက် အရ


ယောက်ျား သုက်ပိုး တွေ့ရှိပြီး ခန္ဓာကိုယ် ပြင်ပတွင် သိသာထင်ရှားတဲ့ ထိခိုက် ဒဏ်ရာ မတွေ့ရပေမယ့် မိန်းမကိုယ် မွေးလမ်းကြောင်း အတွင်း နံရံ အရှေ့ပိုင်းမှာ ပွန်းခြစ် ဒဏ်ရာ များ ရှိတဲ့ အပြင် အပျို မြှေး အခြေ ပတ်လည် မှာ ဖူးရောင် ပွန်းခြစ် ဒဏ်ရာများ တွေ့ရှိရတယ်လို့ ပြောပါတယ်။ အဲဒီ အတွက် လတ်တလော ကာမ စပ်ယှက် ထားခြင်း ရှိတယ်လို့ မှတ်ချက်ပေးခဲ့တယ်လို့ မှုခင်း ဆရာဝန်က ထွက်ဆိုသွားပါတယ်။


ဒါအပြင် ဗစ်တိုးရီးယား အမှုမှာ သံသယ တရားခံ အဖြစ် လက်ရှိ ရုံးတင် စစ်ဆေးခံနေရတဲ့ ကိုအောင်ကျော်မျိုး (ခေါ်) အောင်ကြီး ကို လည်း မေလ ၃၁ ရက်နေ့ နေ့လယ် ၁ နာရီ အချိန် နေပြည်တော် ကုတင် ၁,၀၀၀ ဆေးရုံကြီး မှာ ခေါ်ယူ စစ်ဆေးခဲ့တယ်လို့ ဆရာဝန်က ထွက်ဆိုခဲ့ပါတယ်။


ကိုအောင်ကျော်မျိုးရဲ့ ယောက်ျား အင်္ဂါက အရည်ကို ယူပြီး ဓာတ်ခွဲ စစ်ဆေးချက် အရ ယောက်ျား သုက်ပိုး မတွေ့ခဲ့ရဘူးလို့ မှုခင်းဆရာဝန်က ပြောပါတယ်။ ကိုအောင်ကျော်မျိုးမှာ အနာကျက်ပြီး ပွန်းခြစ် ဒဏ်ရာ ၂ ခု တွေ့ရပေမယ့် ယောက်ျား အင်္ဂါမှာ ပုံမှန် အတိုင်း တွေ့ရပြီး လတ်တလော ဒဏ်ရာများ၊ ပုံမှန် မဟုတ်တဲ့ အနေအထား မတွေ့ရဘူးလို့ ဆိုပါတယ်။ ကိုအောင်ကျော်မျိုး အနေနဲ့ စစ်ဆေးချိန် မှာ လတ်တလော ကာမစပ်ယှက် ထားခြင်း မရှိကြောင်း တွေ့ရတယ်လို့ ဆရာဝန်က ထွက်ဆိုခဲ့ပါတယ်။


ဗစ်တိုးရီးယားအမှု- စီစီတီဗီမှတ်တမ်းကို တရားခွင်မှာ စစ်ဆေးခဲ့ရတဲ့ နည်းပညာကျွမ်းကျင်သူနဲ့ အင်တာဗျူး

“အုန်းလက်မြင်းနဲ့ စီးနေရသလိုပဲ” – ဗစ်တိုးရီးယားအမှု ဖခင်ဖြစ်သူရဲ့ ဖွင့်ဟချက်


မှုခင်းဆရာဝန်ရဲ့ တခြား ထွက်ဆို ချက်တွေမှာ သုက်ပိုးတွေ့ရှိနိုင်တဲ့ အချိန် ကာလ တွေကိုလည်း ကျွမ်းကျင်သူ အဖြစ် ထွက်ဆိုခဲ့ပါတယ်။ အခင်းဖြစ်ပွားပြီး ၁ နာရီကနေ ၆ နာရီ အတွင်းမှာ သုက်ပိုးကို အကောင်းဆုံး တွေ့နိုင်ပြီး ၄၈ နာရီ အတွင်းမှာ လည်း သုက်ပိုးများကို တွေ့ရှိနိုင်တယ်လို့ ထွက်ဆိုပါတယ်။


ရေချိုးခြင်း၊ ရေဆေးခြင်း၊ ဆီးသွားခြင်း မရှိ ခဲ့ရင်လည်း ၄ ရက် အတွင်း ကောင်းစွာ တွေ့ရှိနိုင်တယ်လို့ မှုခင်း ဆရာဝန်က ထွက်ဆိုခဲ့ပါတယ်။ ဒါပေမယ့် အခု ဗစ်တိုးရီးယား မှာ တွေ့ရှိတယ် ဆိုတဲ့ သုက် ပိုးကို DNA တိုက်ဆိုင် စစ်ဆေးတာမျိုး သူ့ အနေနဲ့ မလုပ်ခဲ့ဘူး လို့ ဒီနေ့ ရုံးတော်မှာ ထွက်ဆိုခဲ့တဲ့ မှုခင်းဆရာဝန် ဒေါက်တာ တင်မိုးမိုးခိုင်က ထွက်ဆိုခဲ့ပါတယ်။


ဆေးစာနဲ့ ပတ်သက်ပြီး ထူးခြားမှု တစ်ခုအနေနဲ့ မူလ ထုတ်ပေးခဲ့တဲ့ ဆေးစာ ပျောက်ဆုံးခဲ့လို့ ဆိုပြီး အမှတ် (၁)၊ မြို့မ ရဲစခန်း ခေတ္တ စခန်းမှူး ရဲအုပ် ဝေဖြိုးလွင် ကနေ ဆေးစာ ထပ်မံ တောင်းခံခဲ့တဲ့ အတွက် ဆေးစာ မိတ္တူမှန်ကို ၂၀၁၉ ခုနှစ်၊ ဇွန်လ ၄ ရက် နေ့မှာ ထုတ်ပေးခဲ့ရတယ်လို့ လည်း မှုခင်းဆရာဝန်ကြီးက ထွက်ဆိုသွားခဲ့ပါတယ်။


ဒါ့အပြင် သုက်ပိုး စစ်ဆေးတာ အပါအဝင် မှုခင်း ဆေးပညာ ဆိုင်ရာ အသုံးပြု တဲ့ မှတ်တမ်းတင် ဖလင်ပြားတွေကိုလည်း ရဲစခန်းက တောင်းယူခဲ့တဲ့ အတွက် သူတို့ အနေနဲ့ အစည်းအဝေး မှတ်တမ်းပြုလုပ်ပြီး ပေးအပ်လိုက်တယ်လို့ လည်း မှုခင်းဆရာဝန်ကြီးက ထွက်ဆိုခဲ့ပါတယ်။


ဒါမျိုး ဖလင်ပြားကို တောင်းခံတာမျိုး အရင် က စစ်ဆေးခဲ့တဲ့ မှုခင်းဆိုင်ရာ ဆေးပညာ စစ်ဆေးမှုတွေမှာ မရှိခဲ့ဘူးလို့လည်း မှုခင်းဆရာဝန်က ထွက်ဆိုခဲ့ပါတယ်။


နိုဝင်ဘာလ ၂၀ ရက် ဒီနေ့ ရုံးချိန်းမှာ မှုခင်းဆရာဝန်ကြီး အပြင် Wisdom Hill မူကြိုကျောင်း က ကြီးကြပ်ရေးမှူးဒေါ်ဥမ္မာလှိုင် ကို လည်း စစ်ဆေးဖို့ ရှိပါတယ်။


BBC Burmese