ဘတ်(၆)သန်းထီ ပေါက်ပြီးနောက် ဇနီးကို ခွဲမပေးချင်လို့ ထွက်ပြေးတဲ့ခင်ပွန်း

2019-11-21 01:12:13


ဘတ်(၆)သန်းထီ ပေါက်ပြီးနောက် ဇနီးကို ခွဲမပေးချင်လို့ ထွက်ပြေးတဲ့ခင်ပွန်း

ဘတ်(၆)သန်းထီ ပေါက်ပြီးနောက် ဇနီးကို ခွဲမပေးချင်လို့ ထွက်ပြေးတဲ့ခင်ပွန်း


အတ္တအလွန်ကြီးတဲ့ ခင်ပွန်းတစ်ဦးဟာ ပြီးခဲ့တဲ့အပတ်က ဖွင့်ခဲ့တဲ့ ထိုင်းချဲထီမှာ ဘတ်(၆)သန်းအထိ ကံထူးခဲ့ပါတယ်။ သူဌေးဖြစ်သွားတဲ့ ခင်ပွန်းဟာ ဆုကြေးကို ဇနီးကို ခွဲမပေးချင်တာကြောင့် ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း WorldOfBuzz က ဖော်ပြခဲ့ပါတယ်။


ပြီးခဲ့တဲ့ နိုဝင်္ဘာ(၁၆)ရက်က ထိုင်းချဲထီပေါက်ဂဏန်းမှာ (၀၁၇၂၂၃) နံပတ်ဖြစ်ပြီး၊ အဲဒီအမျိုးသားက ငွေကိုပဲ တစ်ကွက်တည်းကြည့်ပြီး ဇနီးကို ထားရစ်ခဲ့တာပါ။ တကယ်က အိမ်ထောင်သည်တွေ ထီပေါက်ရင် ထီဆုငွေဟာ ဥပဒေအရ လက်ထပ်ပွားပစ္စည်းဖြစ်ပြီး၊ မယားဖြစ်သူလည်း တစ်ဝက်ဆိုုင်ပါတယ်။


ဇနီးဖြစ်သူရဲ့အမည်မှာ Pornthida Chamnanwet ဖြစ်ပြီး၊ အသက်(၂၃)ပါ။ အသက်(၃၄)နှစ်အရွယ် ခင်ပွန်းဖြစ်သူ Wijak Wannaprasit ပျောက်ဆုံးသွားတဲ့အတွက် သူမဟာ ရဲကို တိုင်ကြားခဲ့ပါတယ်။ ဆုငွေကို ထုတ်ယူရခြင်းမရှိသေးဘဲ Wijak နဲ့အတူ ထီလက်မှတ်က တစ်ပါတည်း ပါသွားခဲ့တာပါ။


သတင်းမှာ ဖော်ပြချက်အရ သူတို့ဟာ ထီပေါက်ပေါက်ချင်း လုံခြုံရေးအတွက် ဘန်ကောက်က ရဲစခန်းတစ်ခုကို သွားရောက်အကြောင်းကြားခဲ့ပါတယ်။ ဆုငွေကို ခွဲဝေယူကြမယ်ဆိုတဲ့ ကတိတောင် ပေးခဲ့ကြပါသတဲ့။ တကယ်တော့ အဲဒါက လိုတော့ လိုအပ်တဲ့အရာ မဟုတ်ပါဘူး။ အချင်းချင်း ဆိုင်နေတဲ့ ပိုက်ဆံဖြစ်လို့ပါ။


နိုဝင်ဘာ(၁၈)ရက်မှာ ခင်ပွန်း Wijak က ဇနီး Pornthida ကို ထီဆုငွေ (၃)သန်း မပေးနိုင်ကြောင်း၊ (၂)သန်းသာ ပေးမယ့်အကြောင်း ပြောခဲ့ပါတယ်။ အဲဒီမှာ အချင်းများရန်ဖြစ်ခဲ့ကြပြီး၊ အချိန် သိပ်မကြာခင်မှာ Wijak ဟာ ထီလက်မှတ်နဲ့တကွ ပျောက်ဆုံးသွားခဲ့ပါတယ်။


တက်ကျွမ်းနာလည်တဲ့ ရှေ့နေတစ်ဦးရဲ့အဆိုအရ အငြင်းပွားဖွယ်ရာကိစ္စဖြစ်နေရင် ထီဆုငွေထုတ်ပေးခြင်းမပြုဖို့ သက်ဆိုင်ရာက ဆုံးဖြတ်ခွင့်ရှိကြောင်း၊ အမျိုးသားအနေနဲ့လည်း ဥပဒေချိုးဖောက်ပါက ထောင်(၃)နှစ်အထိ ချမှတ်ခံရနိုင်ကြောင်း သိရပါတယ်။


ဒါပေမယ့် ကံကောင်းစွာပဲ Wijak တစ်ယောက် ပြန်ရောက်လာပြီး၊ ဥပဒေနဲ့အညီ ဇနီးကို တစ်ဝက်ခွဲပေးမှာပါတဲ့။ ဆုငွေကို ခွဲယူလိုက်ခြင်းကြောင့် သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးက ဘယ်လိုဘယ်ညာ ဖြစ်လာနိုင်သလဲဆိုတာကတော့ မသိရသေးပါဘူး။


လင်းဇော်ကို D Nae Khit Media