ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စနေနေ့တွေ့မည်

2019-11-22 09:54:11


ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စနေနေ့တွေ့မည်

ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စနေနေ့တွေ့မည်


ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice) မှာ ဂမ်ဘီယာ (Gambia) နိုင်ငံ က တိုင်ကြားထားတဲ့ လူမျိုးတုံး သတ်ဖြတ်မှုစွပ်စွဲချက်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ လာမယ့် စနေနေ့မှာ တွေ့ဆုံကြမယ်လို့ အမည်မဖော်လိုတဲ့ အစိုးရအရာရှိကြီးတဦးက RFA ကို ဒီနေ့ အတည်ပြု ပြောလိုက်ပါတယ်။


ဒီလိုတွေ့ဆုံရာမှာ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေလည်း ပါဝင်မယ်လို့ သတင်းရရှိပေမယ့်၊ ဒီအချက်နဲ့ပတ်သက်လို့ သီးခြားအတည်ပြုချက်တော့ မရရှိသေးပါဘူး။


AFP သတင်းဌာနက ဒီနေ့ရေးသားရာမှာတော့… ICJ မှာ သွားရောက်ဖြေရှင်းဖို့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီး တပ်မတော်နဲ့ အရပ်သားအစိုးရ ပူးပေါင်းလုပ်ဆောင်နေကြောင်း၊ မကြာခင်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံဆွေးနွေးဖို့ရှိကြောင်း သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ကိုးကားပြီး ဖော်ပြထားပါတယ်။


ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂ဝ၁၅ ခုနှစ် NLD အစိုးရတက်လာပြီးနောက်ပိုင်း အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စမှာ သဘောထားကွဲလွဲပြီး၊ အလုပ်သဘော ဆက်ဆံရေးသာ ရှိတော့တယ်လို့ လေ့လာသူတွေက သုံးသပ် ပြောဆိုနေကြပါတယ်။


ဒီအတောအတွင်းမှာပဲ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံရဲ့ ဦးတိုက်လျှောက်ထားမှုကို ကာကွယ်လျှောက်လဲဖို့ မြန်မာနိုင်ငံရဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်းဘာဂနာ (Christine Burgener) က ကြိုဆိုလိုက်ပါတယ်။


နိုဝင်ဘာလ ၁၂ ရက်ကနေ ၂၁ ရက်နေ့အထိ မြန်မာနိုင်ငံ ခရီးစဉ်အပြီး သတင်းထုတ်ပြန်ရာမှာ မစ္စဘာဂနာက အခုလို ထည့်သွင်းပြောခဲ့တာပါ။ မြန်မာနိုင်ငံဟာ ICC အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုရုံး သဘောတူစာချုပ်မှာ လက်မှတ်ထိုးမထားတဲ့အတွက် ICC နဲ့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူး ဆိုတဲ့အပေါ် သူ့အနေနဲ့ မှတ်သားထားကြောင်း လည်း ပြောပါတယ်။


မစ္စဘာဂနာဟာ သူ့ခရီးစဉ်အတွင်း နေပြည်တော်မှာ အစိုးရနဲ့ တပ်မတော်အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ ဒီဆွေးနွေးပွဲတွေ အပြုသဘောဆောင်တဲ့ အကြောင်းလည်း ပြောပါတယ်။ မြန်မာအစိုးရ၊ တပ်မတော်နဲ့ စုံစမ်းရေးကော်မရှင်အနေနဲ့ တာဝန်ခံမှု၊ တာဝန်ယူမှုဆိုင်ရာ နိုင်ငံတကာ စုံစမ်းစောင့်ကြည့်ရေး လုပ်ငန်းစဉ်နဲ့ ပူးပေါင်းလုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေ ရှာဖွေဖို့ တိုက်တွန်းခဲ့တယ်လို့လည်း မစ္စဘာဂနာရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ RFA Burmese