လူစာရင်း ပြန်လည် ဖွဲ့စည်းဖို့ အသင်းသား (၈) ဦးကို အရောင်းစာရင်း တင်ထားတဲ့ လီဗာပူး


လူစာရင်း ပြန်လည် ဖွဲ့စည်းဖို့ အသင်းသား (၈) ဦးကို အရောင်းစာရင်း တင်ထားတဲ့ လီဗာပူး

လီဗာပူးအသင်းကို ထိန်းချုပ်လာခဲ့တာ ၁၀ နှစ် ပြည့်ခဲ့ပြီဖြစ်တဲ့ Fenway Sports Group ဟာ ဒီနွေမှာတော့ လှုပ်ရှားမှုကြီးတွေ ထပ်လုပ်ဖို့ စီမံမှုတွေ ရှိလာတော့မှာဖြစ်ပါတယ်။


စီနီယာအသင်းအတွက် ရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်ဖို့ကိစ္စတွေ မတိုင်ခင်မှာ ဈေးကွက်အတွင်း လှုပ်ရှားဖို့ အသုံးစရိတ်ကြီးကိုလည်း ရှာဖွေသွားတော့မှာဖြစ်တယ်။ ယာဂင်ကလော့ပ်ရဲ့ လူစာရင်းဟာ ဝိုက်နယ်ဒမ် တစ်ဦးတည်းကို လက်လွတ်ထားရသေးပေမယ့် အရန်စာရင်းကတော့ ထိရောက်မှုပိုရှိဖို့ လိုအပ်လာနေပါတယ်။


လာရိုစီကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ပေးရမယ့် လီဗာပူးက အရန်ဂိုးသမား အတ်ဒရီယန်ကို စာချုပ်သစ်ကိစ္စ စကားစပြောနေတယ်။ ၎င်းတို့ဟာ ရာသီသစ်အတွက် ပထမဆုံး ခေါ်ယူမှုအဖြစ် ပြင်သစ်လူငယ် ခံစစ်သမား ကိုနာတေးကိုလည်း ပေါင် ၃၅ သန်းဖြင့် အပြီးသတ် ခေါ်ယူထားပါတယ်။


ဆက်လက်ပြီး လူစာရင်းရှင်းထုတ်ဖို့အတွက် အရောင်းစာရင်း တင်ထားတဲ့ ကစားသမားတွေက


Marko Grujic (£15m)


ပေါ်တိုအသင်းကို ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပို့နိုင်ဖို့အတွက် ကူညီပေးနိုင်ခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် ကွင်းလယ်လူကို ဒီနွေမှာတော့ ရှင်းထုတ်သွားတော့မှာပါ။ ကလော့ပ်ရဲ့ ပထမဆုံး လက်မှတ်ထိုးမှုဖြစ်တဲ့ ဂရုဂျစ်အတွက် လီဗာပူးဘက်က ပေါင် ၂၅ သန်းထိ ဈေးသတ်မှတ်ခဲ့ဖူးပေမယ့် ဒီနွေမှာတော့ ဖြစ်နိုင်တဲ့ ဈေးကိုပဲ ချပေးပြီး ထွက်ခွင့်ပေးမှာဖြစ်တယ်။


Xherdan Shaqiri (£15m)


လီဗာပူးရဲ့ ချန်ပီယံလိဂ်ဖလား အောင်မြင်မှု၊ ပရီးမီးယားလိဂ်ဖလား အောင်မြင်မှုတွေမှာ ပါဝင်နိုင်ခဲ့ပေမယ့် မနှစ်ကရာသီမှာ ပုံမှန် ပွဲကစားနိုင်ဖို့ ရုန်းကန်ခဲ့ရတယ်။ နောက်ဆုံး ပရီးမီးယားလိဂ်ပွဲ ၁၁ ပွဲမှာ ၃၂ မိနစ်စာပဲ ကစားနိုင်ခဲ့တဲ့ ရှာကွီရီကို လီဗာပူးဘက်က လက်လွတ်ပါတော့မယ်။


Divock Origi (£15m)


မနှစ်ကနွေတည်းက အိုရီဂီကို အရောင်းစာရင်း တင်ထားခဲ့တာဖြစ်ပေမယ့် ကမ်းလှမ်းမှုတွေက ထင်သလို မဖြစ်လာခဲ့ပါဘူး။ ဝုဗ်အသင်းထံ ပေါင် သန်း ၂၀ ဖြင့် ပြောင်းဖို့ နီးစပ်ခဲ့ပေမယ့် ဝုဗ်ဘက်ကပဲ နောက်ဆုတ်သွားခဲ့တာဖြစ်တယ်။ သူကို စိတ်ဝင်စားနေတဲ့ ကလပ်တွေ ရှိနေဆဲဖြစ်ပါတယ်။


Harry Wilson (£12m)


မနှစ်က ဈေးကွက် နောက်ကျမှုတွေကြောင့် ပရီးမီးယားလိဂ်ကလပ် တစ်သင်းထံ အငှားထွက်ခွင့်မရဘဲ ချန်ပီယံရှစ်ကလပ်ထံပဲ အငှားထွက်ခဲ့ရတယ်။ အသက် ၂၄ နှစ်အရွယ် တိုက်စစ်အားသန် ကစားသမားဟာ တည်ကန်ဘောမှာ နာမည်ကြီးပြီး ပရီးမီးယားလိဂ် ကလပ်တစ်သင်းထံ ရောက်ရှိမယ်လို့ မျှော်လင့်ရပါတယ်။


Takumi Minamino (£10m)


မီနာမီနိုကို ရောင်းထုတ်ဖို့ လီဗာပူးဘက်က ဆုံးဖြတ်ခဲ့ပါပြီ။ လွန်ခဲ့တဲ့ ၁၈ လက ဆဲလ်ဘတ်ကနေ လီဗာပူးကို ပေါင် ၇.၂၅ သန်းဖြင့် ရောက်လာခဲ့ပြီး အသားကျဖို့ ရုန်းကန်နေရတယ်။ တိုက်စစ်သမားကို အငှားခေါ်ယူထားတဲ့ ဆောက်သမ်တန်ဘက်ကပဲ အပြီးသတ် ခေါ်ယူဖို့ စကားပြောနေတာဖြစ်ပါတယ်။


Taiwo Awoniyi (£8m)


အလုပ်ပါမစ် ပြဿနာကြောင့် နိုင်ဂျီးရီးယား တိုက်စစ်သမားဟာ လီဗာပူးအတွက် ကစားပေးနိုင်ခြင်း မရှိပါဘူး။ ၆ နှစ်ကြာ ရေစက်ဟာ ဒီနွေမှာ ကုန်ဆုံးသွားဖွယ်ရှိကာ အသက် ၂၃ နှစ်အရွယ် တိုက်စစ်သမားက ချန်ပီယံရှစ်ကလပ် တစ်သင်းထံ ရောက်သွားဖို့ နီးစပ်နေပါတယ်။


Loris Karius (£3m)


လီဗာပူးအသင်းမှာ ဂျာမာန်သားရဲ့ အနာဂတ် မရှိတော့ဘဲ စာချုပ်တစ်နှစ်ပဲ ကျန်တဲ့ ကားရီးယက်စ်ဟာ ဂျာမာန်မြေက ကလပ်တစ်သင်းထံ ပြောင်းရွှေ့နိုင်ပါတယ်။


Ben Woodburn (£2m)


လီဗာပူးရဲ့ အသက်အငယ်ဆုံး ဂိုးသွင်းရှင်ဖြစ်တဲ့ ဝုဒ်ဘမ်းဟာ စိတ်ပျက်ဖွယ် ဒဏ်ရာပြဿနာတွေကြောင့် တိုးတက်သင့်သလောက် မတိုးတက်လာခဲ့သူဖြစ်တယ်။ သူကလည်း စာချုပ် နောက်ဆုံးနှစ်ကို ဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။


Crd