လီဗာပူးရဲ့ နက်ဖီးလစ်ကို ခေါ်ယူပြီး ခံစစ်ပိုင်းအတွက် အားဖြည့်ဖို့ ရည်ရွယ်လာတဲ့ ဘန်လေ


လီဗာပူးရဲ့ နက်ဖီးလစ်ကို ခေါ်ယူပြီး ခံစစ်ပိုင်းအတွက် အားဖြည့်ဖို့ ရည်ရွယ်လာတဲ့ ဘန်လေ

ဘန်လေအသင်းဟာ ပြီးခဲ့တဲ့ ရာသီ လီဗာပူးအသင်းမှာ တောက်ပခဲ့တဲ့ ခံစစ်မှူး နက်ဖီးလစ်ကို ခေါ်ယူပြီး ၎င်းတို့ ခံစစ်ကို တောင့်တင်းအောင်လုပ်ဖို့ ရည်ရွယ်လာပါတယ်။


ပရီးမီးယားလိဂ်မှာ ပေးဂိုး ၅၅ ဂိုးထိ ရှိခဲ့တဲ့ အနေအထားကို ဘန်လေအသင်းက ပြင်ဆင်လိုတယ်။ ဒါကြောင့်လည်း ဗဟိုခံစစ်မှူး နှစ်ဦးထိ ခေါ်ယူဖို့ ရည်ရွယ်လာခဲ့တယ်လို့ သိတယ်။ ဘန်လေနည်းပြ ဒိုင်ချီက လီဗာပူးအသင်းခံစစ်မှာ အမြင့်ဘော အားကောင်းခြင်းဖြင့် ထင်ပေါ်လာတဲ့ နက်ဖီးလစ်ရဲ့ ကစားဟန်ကို အတော်လေး မျက်စိကျတယ်လို့ သိရတယ်။


လီဗာပူးသတင်းထောက် ပီယော့ဇ်က ကလပ်ဟာ နက်ဖီလစ်ရဲ့ အနာဂတ်ကို မဆုံးဖြတ်ရသေးဘဲ ကမ်းလှမ်းလာမှုရှိရင် နားထောင်သွားမယ့် အခြေအနေလို့ ထုတ်ပြောထားတယ်။ ဘန်လေဘက်က နက်ဖီးလစ်အတွက် လီဗာပူးဘက်က ဘယ်လောက် ဈေးဖြတ်မယ်ဆိုတာနဲ့ ခေါ်ယူလို့ ရနိုင်မလားကို စုံစမ်းသွားမှာ ဖြစ်သလို နော်တင်ဟမ်ဖောရက်စ်မှ ဂျိုဝေရိုးကိုလည်း စိတ်ဝင်စားနေပါတယ်။


ပရီးမီးယားလိဂ်ပွဲ ၁၇ ပွဲ ကစားခဲ့တဲ့ နက်ဖီးလစ်ဟာ ဂိုးမက်စ်၊ ဗန်ဒိုက်တို့ ဘယ်လောက် မြန်မြန် ပြန်ကစားနိုင်မလဲဆိုတဲ့ အနေအထားပေါ် မူတည်ပြီး လီဗာပူးမှာ ဆက်ရှိနေမှာပါ။ ခံစစ်မှူးသစ် ကိုနာတေး ရောက်လာခဲ့ခြင်းကြောင့် စီနီယာခံစစ်မှူးတွေ ပြန်သက်သာလာရင် ဖီးလစ်အတွက် ကိုယ်ပိုင်ရွေးချယ်မှုကို လီဗာပူးဘက်က ခွင့်ပြုမှာဖြစ်တယ်။


ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်ကလည်း နက်ဖီးလစ်ကို စိတ်ဝင်စားနေပြီး အခြေအနေ စောင့်ကြည့်နေသေးတာဖြစ်တယ်။ နက်ဖီးလစ်အတွက် ပြောင်းရွှေ့ကြေးက ပေါင် ၁၀ သန်း ဝန်းကျင်လောက်မှာ ရှိမယ်လို့ ခန့်မှန်းရပါတယ်။


ရာသီသိမ်းခဲ့စဉ်မှာ အနာဂတ်အတွက် နက်ဖီးလစ်က ” ဒီရာသီက ကျနော် တစ်ကိုယ်ရည်အတွက် အောင်မြင်တဲ့ ဘောလုံးရာသီလို့ ခံစားနေရပေမယ့် ကျနော် ရှေ့ဆက်ပြီး အလုပ်တွေ အများကြီး လုပ်ရမယ်ဆိုတာနဲ့ တိုးတက်မှုတွေ လိုအပ်တယ်ဆိုတာ နားလည်ပါတယ်။ အနားယူနေတဲ့ ကာလမှာ ဒါတွေအတွက် ကျနော် အလုပ်လုပ်ရပါလိမ့်မယ်။


အချိန်ကာလ တစ်ခုတော့ အနားယူပါမယ်။ ပြီးရင်တော့ ကိုယ်ပိုင် လေ့ကျင့်ရေးတွေ ပြန်စသွားမှာပါ။ ဘောလုံးရာသီက သိပ်ပြင်းထန်တာကြောင့် လုပ်ခွင့်မရလိုက်တဲ့ ကိစ္စတွေကို ဒီကာလတွေမှာ ကြိုးစားသွားရမှာ ဖြစ်ပါတယ်။ ရာသီကြိုကို တောင့်တင်းတဲ့ ပုံစံဖြင့် စတင်နိုင်ဖို့ မျှော်လင့်ထားတယ်။ ဒီရာသီမှာ လုပ်နိုင်ခဲ့တာတွေကို ပိုတိုးတက်လာအောင် လုပ်ဖို့နဲ့ ဒီအပေါ် အခြေခံတဲ့ တည်ဆောက်မှုကောင်းတွေ လုပ်နိုင်ဖို့ မျှော်လင့်ထားပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။


Crd