လီဗာပူး ၁-၀ မန်စီးတီးလို့ ပရိသတ်တွေ ရယ်မော ပြောဆိုနေရတဲ့ နက်ဖီးလစ် ဇာတ်လမ်း


လီဗာပူး ၁-၀ မန်စီးတီးလို့ ပရိသတ်တွေ ရယ်မော ပြောဆိုနေရတဲ့ နက်ဖီးလစ် ဇာတ်လမ်း

လီဗာပူးခံစစ်မှူး နက်ဖီးလစ်ဟာ ဗြိတိန် မော်ဒယ်မလေး Molly Moorish နဲ့ စုံတွဲခုတ်နေတဲ့ ဇာတ်လမ်းက သတင်းဌာနတွေမှာ ဖော်ပြခံရမှုများနေတဲ့ ကိစ္စတစ်ခုဖြစ်လာနေပါတယ်။


ဗြိတိန်အဆိုတော် Lisa Moorish နဲ့ ဗြိတိန်ဂီတအဖွဲ့ Oasis မှ အဆိုတော် Liam Gallagher တို့ရဲ့ သမီးလည်းဖြစ်တဲ့ Molly Moorish ဟာ သူမနဲ့ နက်တို့ရဲ့ ဇာတ်လမ်းကို သူငယ်ချင်းဖြစ်သူတွေကော မိဘဖြစ်သူတွေကိုပါ အသိပေးထားပြီဖြစ်ကာ သူမကတော့ နက်ဖီးလစ်ကို အတော်လေး ခိုက်နေမိကြောင်း ဝန်ခံထားပြီလို့ သိရတယ်။




ဒါ့အပြင် သူမကိုယ်တိုင်ကပဲ အင်စတာဂရမ်မှာ နက်ဖီးလစ်ရဲ့ ဓါတ်ပုံကို တင်လိုက်ခြင်းဖြင့် ထွက်ပေးနေတဲ့ ကောလဟာလတွေက မှန်ကန်ပါကြောင်းလည်း အတည်ပြုခဲ့တာဖြစ်တယ်။ နှစ်ဘက် အသိုင်းအဝိုင်းကြား မိတ်ဆက်ပေးမှုတွေပါ ရှိနေခဲ့ကာ အခုချိန်က ဟန်းနီးမွန်းကာလဆိုပေမယ့် သိပ်ကို လိုက်ဖက်တဲ့ စုံတွဲအဖြစ် တင်စားခံရမှုတွေ ရှိနေတယ်။




ဒီသတင်းကို ကြားပြီးချိန်မှာ လီဗာပူးပရိသတ်တွေကြား ပွဲကျရတဲ့ ကိစ္စဖြစ်လာတာကတော့ မိုလီရဲ့ ဖခင် Liam Gallagher ကြောင့်ပဲ ဖြစ်ပါတယ်။ မန်စီးတီးအမာခံပရိသတ်ဖြစ်တဲ့ Liam Gallagher ဟာ လီဗာပူးနဲ့ ဇာတ်လမ်းတွေ အတော်လေး ရှိထားသူဖြစ်တယ်။


ကိုဗစ်ကပ်ဘေးမှာ ဘောလုံးပွဲတွေ ပြန်စတင်ချိန်တုန်းက Oasis အဖွဲ့ အဆိုတော်ဟောင်း Liam Gallagher က ပရီးမီးယားလိဂ် ပြန်စမှုအပေါ် သူ့ရဲ့ စိတ်ပျက်မှုအား ” ဘောလုံးရာသီ ပယ်ဖျက်လိုက်ရင် သိပ်ပြီးတော့ ပျော်စရာကောင်းသွားမှာကွာ၊ အဲ့တာဆိုရင် လီဗာပူးသားတွေကတော့ နောက် နှစ် ၃၀၀ လောက် အမှတ်ပေးဖလား အနိုင်ရတော့မှာကို မဟုတ်ဘူး ” လို့ တွစ်တာကနေ ပြောဆိုခဲ့တာပါ။


မန်စီးတီး အဝတ်လဲခန်းထိ ဝင်ပြီး အောင်ပွဲခံခွင့် ရခဲ့ဖူးတဲ့ Gallagher ကို သူ့ရဲ့ မြောက်ကြွကြွ အပြောတွေကြောင့်ကော ပြိုင်ဘက်တွေကို ဖိနင်းပြောတတ်တဲ့ အပြုအမှုတွေ ကြောင့်ပါ လီဗာပူးပရိသတ်တွေက သိပ်ကြည့်မရပါဘူး။


အတိတ်က ဇာတ်ကြောင်းတွေရှိထားတဲ့ Gallagher ရဲ့ သမီးနဲ့ နက်ဖီးလစ်ကြား ဇာတ်လမ်းကို ကြားသိရချိန်မှာ လီဗာပူးပရိသတ်တွေ တုန့်ပြန်ခဲ့တာကတော့ လီဗာပူး ၁-၀ မန်စီးတီးရယ်လို့ပဲ ဖြစ်ပါတော့တယ်။


နက်ဖီးလစ်ဟာ ၂၀၁၆ ခုနှစ်မှာ လီဗာပူးအကယ်သမီကို ရောက်လာခဲ့သူဖြစ်ကာ ၂၀၁၈ မှာ စီနီယာအသင်းနဲ့ လေ့ကျင့်ခွင့်ရခဲ့တယ်။ ၂၀၂၀ အောက်တိုဘာလမှာ သူ့ရဲ့ လီဗာပူးကစားသမားဘဝ ပထမဆုံး အမှတ်ပေးပွဲ ကစားခဲ့ကာ ပြီးခဲ့တဲ့ရာသီ ယာဂင်ကလော့ပ်ရဲ့ အသင်းအတွက် ခြေစွမ်းပြခဲ့သူပဲ ဖြစ်ပါတယ်။