လီဗာပူးက ကလပ်ရဲ့ စိတ်ဓါတ်ပိုင်း သန်မာမှုတွေ ရှိနေဆဲဆိုတာကို ပြသနိုင်ခဲ့ကြောင်း ထောက်ပြမှု


လီဗာပူးက ကလပ်ရဲ့ စိတ်ဓါတ်ပိုင်း သန်မာမှုတွေ ရှိနေဆဲဆိုတာကို ပြသနိုင်ခဲ့ကြောင်း ထောက်ပြမှု

လီဗာပူးကစားသမားဟောင်း မက်အတီယာက ခံစစ်မှူး ပြဿနာတွေ၊ ဒဏ်ရာပြဿနာတွေ၊ ကိုဗစ်ကူးစပ်မှုတွေနဲ့ စူပါလိဂ် ရိုက်ခတ်မှုတွေကြားက အသင်းဟောင်းရဲ့ စွမ်းဆောင်ပြမှုအပေါ် အထင်ကြီးနေပါတယ်။


အမှတ်ပေးဇယား အဆင့် ၃ နေရာက ရပ်တည်ခဲ့ပြီး ဆုဖလားလက်မဲ့ ဘောလုံးရာသီကို ဖြတ်သန်းခဲ့ရတာက ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်ရမယ့် အသင်းအနေနဲ့ မဖြစ်သင့်ဘူးဆိုတဲ့ အမြင်တွေ ရှိပါတယ်။ ပရီးမီးယားလိဂ်သမိုင်း အကောင်းဆုံးအသင်းလို့ ယူဆခံရမှုကနေ ထိုးကျခဲ့တဲ့ အခြေအနေအတွက် အားလုံး စိတ်ပျက်ခဲ့ကြပြီး ဝေဖန်မှုတွေ ပေးကြတာတွေလည်း ရှိပါတယ်။


ဒါပေမယ့်လို့ အခက်အခဲတွေကြောင့် ဥရောပပွဲတွေ လွဲချော်နိုင်တဲ့ အခြေအနေကနေ လာမယ့်ရာသီ ချန်ပီယံဝင်ခွင့်ရရေးအတွက် ရလဒ်တွေ ဆက်တိုက် ပြန်ယူပြနိုင်ခြင်းကပဲ လီဗာပူးမှာ သန်မာတဲ့ စိတ်ဓါတ်ပိုင်း ရှိနေဆဲလို့ ကစားသမားဟောင်းကြီးက မြင်တာပါ။


မက်အတီယာက “ အဲ့တာက ကိစ္စကြီးပဲ ဖြစ်ပါတယ်။ ဒီရာသီမှာ လီဗာပူးအသင်း ရင်ဆိုင်ခဲ့ရတာတွေနဲ့ ကွင်းတွင်း ကွင်းပြင် သူတို့ရဲ့ ဖြေရှင်းမှုတွေအရ အဆင့် ၃ နေရာက ရာသီသိမ်းလိုက်နိုင်တာကပဲ ကြိုးစားအားထုတ်မှုတွေ အားလုံးအတွက် ဆုလာဘ်တွေလို သိပ်ကောင်းတဲ့ ခံစားချက်တွေ ရစေခဲ့တယ်။


မှန်ကန်တဲ့ အချိန်မှာ သူ့တို့ရဲ့ ပုံစံကို ပြန်ကောင်းအောင် လုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ သူတို့က ရာသီသိမ်းပွဲ ၈ ပွဲ ၉ ပွဲလောက်မှာ တည်ငြိမ်မှုနဲ့ ယုံကြည်မှုတွေကို ပြန်လည် ဖော်ဆောင်နိုင်ခဲ့တယ်။ လိဂ်ပွဲ ၅ ပွဲဆက် အနိုင်ရခဲ့ပြီး လီဗာပူးအသင်းက ဘယ်လို သန်မာတဲ့ စိတ်ဓါတ်ပိုင်းတွေ ရှိနေသေးလဲဆိုတာကို ပြသနိုင်ခဲ့ပါတယ် ” လို့ သုံးသပ်ခဲ့တာဖြစ်ပါတယ်။


လီဗာပူးအသင်းဟာ ရာသီသိမ်း နောက်ဆုံး ၁၀ ပွဲထိ အရေးမနိမ့်ခဲ့သလို နောက်ဆုံး ၅ ပွဲဆက်တိုက် အနိုင်ရခဲ့ခြင်းကြောင့် အဆင့် ၃ နေရာက ရာသီသိမ်းခဲ့တယ်။ လာမယ့်ရာသီမှာ အဓိက ခံစစ်မှူးတွေ ပြန်သက်သာလာပြီး အရန်လူစာရင်း ပြဿနာကို ဖြေရှင်းနိုင်မယ်ဆိုရင် အင်္ဂလန်ရဲ့ ထိပ်သီးအသင်းအဖြစ် ပြန်ရပ်တည်ပြနိုင်မယ်လို့ ယုံကြည်မှုတွေ မြင့်မားနေကြဆဲ ဖြစ်ပါတယ်။