စိတ္တရ ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရတာနဲ့ပတ်သက်ပြီး အဖြစ်မှန်ကို စုံစမ်းဖော်ထုတ်ပေးဖို့

2020-01-13 17:32:25


စိတ္တရ ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရတာနဲ့ပတ်သက်ပြီး အဖြစ်မှန်ကို စုံစမ်းဖော်ထုတ်ပေးဖို့

စိတ္တရ ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရတာနဲ့ပတ်သက်ပြီး အဖြစ်မှန်ကို စုံစမ်းဖော်ထုတ်ပေးဖို့


စိတ္တရ ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရတာနဲ့ပတ်သက်ပြီး အဖြစ်မှန်ကို စုံစမ်းဖော်ထုတ်ပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ မင်းပြားမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး ၆၈ ယောက်က က လက်မှတ်ရေးထိုးပြီးတော့ စာရေးသားပို့ပေး တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။


ဒီဇင်ဘာ ၁၃ ရက်နေ့ညတုန်းက စိတ္တရကျေးရွာအုပ်ချုပ်ရေးမှူး ဦးဉာဏ်သိမ်းအောင်ရဲ့ နေအိမ်မှာ ဆရာတော်တစ်ပါးနဲ့ ကျေးရွာသား ၂၀ ဝန်းကျင် မီးလှုံနေခိုက်မှာ တပ်မတော်စစ်ကြောင်း ရောက်ရှိလာပြီးတော့ ဖမ်းဆီးခံရတာဖြစ်ပါတယ်။


ဦးဉာဏ်သိမ်းအောင်ဟာ သေနတ်ဒင်နဲ့ ခေါင်းကို ထုရိုက်ခံရပြီးမှ ပစ်သတ်ခံလိုက်ရတာလို့ အခင်းဖြစ်ပွားရာမှာရှိနေတဲ့ မျက်မြင်သက်သေတွေက RFA ကို ဒီလအစောပိုင်းမှာ ပြောဆိုထားကြပါတယ်။အသက် ၃၉ နှစ်အရွယ်၊ ကလေးမိခင်တစ်ဦးလည်း ကလေးချီပြီးတော့ အိမ်ပေါ်က အဆင်းမှာအပစ်ခံရလို့ သေဆုံးသွားပါတယ်။


ကျေးရွာအုပ်ချုပ်ရေးမှူးတွေ စစ်မက်ဖြစ်ပွားရာဒေသတွေမှာ တရားဥပဒေမဲ့ ပစ်သတ်ခံရတာတွေကို တားဆီးပေးဖို့၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးဟာ စွပ်စွဲခံရ၊ သံသယဖြစ်ခံရတယ်ဆိုရင်လည်း ဥပဒေအရပဲ အရေးယူပေးဖို့၊ သတ်ဖြတ်ခဲ့တဲ့ အဖြစ်မှန်ကို စုံစမ်းဖော်ထုတ်အရေးယူပေးဖို့ အခုလိုတောင်းဆိုရတာလို့လည်း RFA က ဆက်သွယ်မေးမြန်းထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး လေးဦးက ပြောဆိုကြပါတယ်။


မိတ္တူကို တပ်မတော်ကာကွယ်ရေးစစ်ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပြည်ထောင်စု လွှတ်တော်ဒုဥက္ကဋ္ဌ ဦးအေးသာအောင်ကိုလည်း ပို့ပေးထားတယ်လို့ ပြောကြပါတယ်။ တကယ်လို့ တားဆီးမပေးနိုင်ဘူးဆိုရင် ကျေးရွာအုပ်ချုပ်ရေးမှူး ရာထူးအဖြစ်ကနေ နုတ်ထွက်မယ့်အကြောင်းကိုလည်း တိုင်စာထဲမှာ ထည့်သွင်းတောင်းဆိုထားတယ်လို့ ပြောကြပါတယ်။ တိုင်စာဟာ ဒီနေ့ တနင်္လာနေ့မှာ ရောက်ရှိမယ်လို့လည်း ပြောကြပါတယ်။


တပ်မတော်ထုတ်ပြန်ချက်မှာတော့ ဦးဉာဏ်သိမ်းနဲ့ ဦးကျော်အေးမောင်တို့ ရှိတဲ့နေရာကနေ ပစ်ခတ်မှုဖြစ်လို့ တပ်မတော်ဘက်က ပြန်ပစ်ရာမှာ သေဆုံးတယ်လို့ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ဆက်စပ်သူ ခုနှစ်ဦးကို ဖမ်းဆီးတယ်လို့လည်းဆိုပါတယ်။


ဒါပေမဲ့ ဖမ်းဆီးခံရသူ ခုနှစ်ဦးထဲက လွတ်မြောက်လာသူတချို့ ပြန်ပြောတာက ကျည်ဒဏ်ရာရထားတဲ့ ဦးကျော်အေးမောင်ဟာ ဖမ်းဆီးခံရပြီးတော့ လမ်းခုလတ်မှာ ပစ်သတ်ခံလိုက်ရတာလို့ ပြောကြပါတယ်။ တပ်မတော်ပြောသလို ရွာအပြင်မှာ ပစ်ခတ်မှုဖြစ်တာမဟုတ်ဘဲ အုပ်ချုပ်ရေးမှူးရဲ့ နေအိမ်ဝင်းထဲမှာ ပစ်သတ်ခံရတာလို့လည်း ထွက်ဆိုထားကြပါတယ်။


အထွေထွအုပ်ချုပ်ရေးဦးစီးဌာနဟာ ၂၀၁၈ ဒီဇင်ဘာလအထိ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ အမျိုးသားဒီမိုကရေစီအစိုးရ NLD က ခန့်အပ်လိုက်တဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူရဲ့ လက်အောက်ကို တရားဝင်လွှဲပြောင်းပေးခဲ့ပါတယ်။


RFA Burmese