အတိတ်မှာ လွမ်းစရာကောင်းသလောက် ပစ္စုပ္ပန်ဟာ ညစ်ထေးထေး ပုပ်အက်အက် အနံ့ထွက်နေတဲ့ သုသာန်တစ သင်္ချိုင်းဝလို…

2020-01-13 17:34:50


အတိတ်မှာ လွမ်းစရာကောင်းသလောက် ပစ္စုပ္ပန်ဟာ ညစ်ထေးထေး ပုပ်အက်အက် အနံ့ထွက်နေတဲ့ သုသာန်တစ သင်္ချိုင်းဝလို…

အတိတ်မှာ လွမ်းစရာကောင်းသလောက် ပစ္စုပ္ပန်ဟာ ညစ်ထေးထေး ပုပ်အက်အက် အနံ့ထွက်နေတဲ့ သုသာန်တစ သင်္ချိုင်းဝလို…


လက်ကျင်းခေတ် (ခေါက်စားခေတ်)၊ စက်ကျင်းခေတ်၊ ဖက်စပ်ခေတ်၊ သမအသင်းနှင့် ဖော်ထုတ်ခေတ်၊ ကုမ္ပဏီနှင့် အကျိုးတူခေတ်၊ ဒီမိုကရေစီ ခိုးကျင်းနှင့် လုံခြုံရေးနှင့် ထုပ်ဆီးထိုး ကစားရတဲ့ ရေမဆေးခေတ်… ခေါက်စားခေတ် (ဝါ ) အကြီးတရွက် အသေးတရွက်ခေတ်…။


ဖားကန့်ကို ၁၉၉၄ ခုနှစ်ကတည်းက သူ စရောက်သည်။ တိတိကျကျ ပြောရရင် မတ်လ ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးနေ့လား၊ တပ်မတော်နေ့လား သူ မမှတ်မိတော့ပါ။ မြင်လွယ်အောင် ပြောရရင် လမ်းကြောင်းတလျှောက် စစ်တပ်က အစစ်အဆေးထူပြီး လယ်ပြင်ဂိတ်မှာ မှော်နင်းလက်မှတ် သုံးရာတန် ဖြ​တ်ရတဲ့ ခေတ်ပေါ့။


မှော်နင်းလက်မှတ်ခ ၃၀၀ မဖြတ်နိုင်လို့ တညလုံး ငုတ်တုတ်ထိုင်ခိုင်း၊ အမှိုက်ကျုံးခိုင်း၊ တောက်တိုမည်ရတွေ လုပ်ခိုင်းပြီးတော့မှ မှော်ထဲကို ခြေချခွင့်ပြုခဲ့တဲ့ အစိုးရဝန်ထမ်းတွေရဲ့ စေတနာတွေ ရေစီးကမ်းပြိုတဲ့ ခေတ်ပေါ့။


အဲဒီအချိန်က မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA တို့ ငြိမ်းချမ်းရေး လက်မှတ်ထိုးပြီးစ စာချုပ်က မင်တွေ မခြောက်သေးတဲ့အချိန်။ နွေလယ်ကာလ ဆိုပေမယ့် နေပြောက်မထိုးတဲ့ သစ်တောတွေကြောင့် ညဘက်တွေဆိုရင် အနွေးထည် မထူမပါးလေးတွေ မဖြစ်မနေ ဝတ်နေရတုန်း။


တစ်ဆယ်တန်၊ ငါးကျပ်တန် အကြွေဆိုတာ မသုံးဘဲ အကြီးတရွက် (၉ဝ ကျပ်တန်)၊ အသေးတရွက် (၄၅ ကျပ်တန်) တွေကိုပဲ လှိုင်လှိုင်သုံးတဲ့ ဖားကန့်ကျောက်စိမ်းတွင်းရဲ့ ရွှေခေတ် ဆိုပါတော့။လက်ဖက်ရည်တခွက် အသေးတရွက်နဲ့ ငါးသုံးလုံး စီးကရက်ကို လောပန်းနဲ့ ကျင်းသားတွေ ပျင်းတိုင်း သောက်တဲ့ခေတ်ပေါ့။ အဲဒီအချိန်က အတွေ့ရအများဆုံး ဆိုင်းဘုတ်ကလေးတွေက “ကျင်းသား အလိုရှိသည်” တဲ့။


ဒီဆိုင်းဘုတ်လေးတွေက ဘယ်သူတွေ ဘယ်ကလာလာ၊ ဘယ်လောက်လာလာ လာသမျှ မောင်းမတထောင်သားတွေအားလုံးကို အလုပ်ပေးနိုင်သည့် သင်္ကေတလို့ သူ ထင်သည်။ တကယ်ပင် သူ ထင်သလို ဖြစ်နေသည်။ အဲဒီချိန်က ကျောက်စိမ်းတူးဖို့အတွက် လောပန်းတိုင်းမှာ ကျင်းသားအင်အား လိုအပ်ချက် များလျက်ရှိသည်။


ဒီအရင်က သူ မမီလိုက်သည့် ရေငုပ်ကျင်းခေတ် ဆိုတာလည်း ရှိသေးသည်။ ၁၉၈၈ မတိုင်ခင်ကဟု ဆိုသည်။ ကျောက်စိမ်းကို ကုန်းပေါ်မှာ မတူးဘဲ ချောင်းထဲမှာပဲ ရေငုပ်ပြီး ရှာကြသည် ဆိုပဲ။ ရေထဲ ကျောက်စိမ်း ငုပ်ရှာသူကို စက်ဘီး လေထိုးတံနဲ့ အောက်ဆီဂျင် ဖန်တီးပြီး ရှာရသည်ဟု ကိုယ်တိုင် လုပ်ကိုင်ခဲ့ရဖူးသည့် တရုတ်လူမျိုး ဦးလေးကြီး တယောက်က သူ့ကို ပြောပြသည်။


သူကတော့ ဖားကန့်မြို့မှာ သူ့ဦးလေး တော်စပ်သူနဲ့ အစ်ကိုတော်စပ်သူ လူခံတွေ ရှိနေတော့ သူများတွေလို “ကျင်းသား အလိုရှိသည်” ဆိုင်းဘုတ် ပိုင်ရှင်တွေဆီမှာ အလုပ်လျှောက်စရာမလို။ ကျောက်စိမ်းတူး မသွားခင် ဖားကန့်မြို့နဲ့ လုံးခင်း၊ ဆိုင်းတောင် (ယခု ဆိပ်မူ) ရွာတွေကို လိုက်ပြသည်။