ရှမ်းမြောက် တရုတ်-မြန်မာကုန်သွယ်ရေးလမ်းပေါ် ပစ်ခတ်မှုဖြစ်ပွား

2020-01-13 21:54:17


ရှမ်းမြောက် တရုတ်-မြန်မာကုန်သွယ်ရေးလမ်းပေါ် ပစ်ခတ်မှုဖြစ်ပွား

ရှမ်းမြောက် တရုတ်-မြန်မာကုန်သွယ်ရေးလမ်းပေါ် ပစ်ခတ်မှုဖြစ်ပွား


မကြာမီရက်တွေအတွင်းမှာ မြန်မာနိုင်ငံကို တရုတ်နိုင်ငံသမ္မတ လာရောက်ဖို့ ရှိနေသလို တရုတ်အစိုးရရဲ့ အာရှရေးရာအထူးကိုယ်စားလှယ်က တရုတ်နယ်စပ်ဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး၊ နယ်စပ်တည်ငြိမ်ရေး ကိစ္စရပ်တွေ ဆွေးနွေးနေချိန် ဒီရက်ပိုင်းအတွင်း နယ်စပ်ကုန်သွယ်ရေးလမ်းမပေါ်မှာ ကားမီးရှို့တာတွေနဲ့ ပစ်ခတ်တာတွေ ဖြစ်ပေါ်နေပါတယ်။


ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့တွေအကြား ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေပြီး ကာလအတော်ကြာ ငြိမ်သက်နေခဲ့ရာက ဒီရက်ပိုင်းအတွင်းမှာ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်တဲ့ မန္တလေး၊ လားရှိုးနဲ့ မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ မတည်မငြိမ်တာတွေ ပြန်လည် ဖြစ်ပွားလာနေတာပါ။


ကွတ်ခိုင်နဲ့ မူဆယ်အကြားမှာ လတ်တလော လားရှိုး-မူဆယ်လမ်းပိုင်းအတွင်းမှာလက်နက်ကိုင်အဖွဲ့တွေက ကုန်တင်ကားတွေတားဆီးပြီး နှစ်စဉ်ကြေးကောက်ယူတာ၊ ကားမီးရှို့တာတွေကြောင့် သတိနဲ့ သွားလာနေရကြောင်း ဒီလမ်းခရီးကို သွားလာနေတဲ့ ယာဉ်မောင်း တစ်ဦးက အခုလို ပြောပါတယ်။


“ သူတို့ ဆက်ကြေးတွေ နှစ်စဉ်ကြေးပေါ့။ ကားတွေ အဲလို ဖမ်းနေတယ်လို့တော့ ပြောသံကြားတာပဲ။ ကျနော်တို့ ဂိတ်က ကားတစ်စီးတောင် ပါသွားသေးတယ်။ လွန်ခဲ့တဲ့ ၃ရက်လောက်ကပေါ့။ မနေ့က မနက်ပိုင်းကတောင် သူတို့ ဖမ်းတဲ့နေရာမှာ ၇စီးလောက် နောက်ထပ် ဖမ်းထားတာကို တွေ့တယ်တဲ့။


မနေ့ညက ကားတစ်စီးမီးရှို့တယ်လို့တော့ ကြားတယ်ဗျ။ ဖမ်းတာက ဘယ်နေရာမှာလဲ ဆိုတော့ ဗြုံးတောင်လို့ ခေါ်တာပေါ့။ ဗြုံးတောင် အပေါ်လေးမှာပေါ့။ နမ့်ဖတ်ကာနဲ့ မိုင်းယုကြားပေါ့။”ဘယ်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးတယ်ဆိုတာ အတိအကျ ထုတ်ဖော်ပြောဆိုတာတော့ မရှိပါဘူး။


မူဆယ်မြို့နယ်က ရဲအရာရှိတစ်ဦးကလည်း ဒီကနေ့ လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး အခြေအနေကို အခုလို ပြောပါတယ်။“ လမ်းပိုင်းအခြေအနေက မနေ့က ကားတစ်စီးမီးရှို့ခံရတော့ အခြေအနေမကောင်းဘူး။ အသွားအလာတွေကတော့ သွားတော့ သွားတာပေါ့။ ဒါပေမဲ့ စောင့်ပြီးသွားရတာပေါ့။ ကွတ်ခိုင်နဲ့ ကျနော်တို့ မူဆယ်အကြားမှာ သိပ်မကောင်းဘူး။”


ကားမီးရှိုခံရတာကတော့ ၁၂ရက်နေ့ ည၉နာရီဝန်းကျင်လောက်က ဖြစ်ပါတယ်။ဒီသတင်းနဲ့ ပတ်သက်ပြီး ဒီဒေသမှာ အဓိက လှုပ်ရှားနေတဲ့ TNLA ခေါ် တအန်း(ပလောင်)တပ်ဖွဲ့ကို မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။

၁၂ရက်နေ့ မနက်ပိုင်းကလည်း ကျောက်မဲမြို့နယ်အတွင်းမှာ ကျွဲ၊နွားတင် ယာဉ်တစ်စီးအပစ်ခံရတာကြောင့် တစ်ယောက်သေဆုံးရကြောင်း ကျောက်မဲရဲစခန်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။


“ သီပေါနဲ့ ကျောက်မဲကြားမှာပါ။ မနေ့က ဒါ၆နာရီလောက်ပေါ့။ ၆နာရီလောက်မှာ နွားကားတစ်စီးပစ်ခံရတယ်ဆို လို့ ကျနော်တို့ သွားကြည့်ကြတော့ အဲဒီမှာ တစ်ယောက်သေသွားတာပေါ့။ စပယ်ယာသေသွားတာပေါ့။”


တပ်မတော်ပိုင် မြဝတီသတင်းစာမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ချောင်းချောက် ကျေးရွာ အနီးမှာ နွားအကောင် ၂၀တင်ဆောင်လာတဲ့ ၁၂ဘီးကားကို ဘေး ဘယ်၊ညာက လိုက်ပါလာတဲ့ ဆိုင်ကယ်၂စီးပေါ်က သောင်းကျန်းသူ ၄ဦးက ပစ်ခတ်ခဲ့ကြောင်း၊


ကားဟာဝဲဘက်ဘေးရှိ သစ်ပင်တိုက်ပြီး ရပ်တန့်ခဲ့ရာမှာ ကားပေါ်ပါသူ ယာဉ်နောက်လိုက်တစ်ဦး သေနတ်ထိမှန်ပြီး အခင်းဖြစ်ပွားရာမှာ သေဆုံးကြောင်း၊ ယာဉ်မောင်း တစ်ဦးနဲ့ ကျန်ယာဉ်နောက်လိုက် ၂ဦးကတော့ ထိခိုက်ဒဏ်ရာ မရရှိကြောင်းနဲ့ ပစ်ခတ်သူကို စိစစ်နေဆဲဖြစ်ကြောင်း ဖော်ပြထားပါတယ်။


ဒီပစ်ခတ်မှုဖြစ်ပွားရာနေရာဟာ TNLA ခေါ် တအန်း(ပလောင်)အဖွဲ့နဲ့ရှမ်းလက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားတဲ့နေရာလည်း ဖြစ်ပါတယ်။ အရင်ကလည်း ကျွဲနွားတင်ကားတွေကို ပစ်ခတ်တာတွေ ရှိပေမဲ့ ဘယ်သူလက်ချက်ဖြစ်တယ်ဆိုတာတော့ ထုတ်ဖော်နိုင်တာမရှိခဲ့ပါဘူး။


ဒီလ ၇ရက်ကနေ ၁၀ရက်အတွင်းမှာတော့ တရုတ်အစိုးရရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှန်ဟာ UWSA ဝ၊ NDAA မိုင်းလား၊ KIA ကချင်နဲ့ AA ရခိုင် လက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေး၊ နယ်စပ်တည်ငြိမ်ရေး ကိစ္စရပ်တွေ ဆွေးနွေးခဲ့ပါတယ်။


VOA Burmese News