လကမ္ဘာဆီ ပျားရည်ဆမ်းခရီးထွက်ချင်လို့ ရည်းစားရှာနေတဲ့ ဂျပန်ဘီလျှံနာသူဌေးကြီး

2020-01-14 10:37:49


လကမ္ဘာဆီ ပျားရည်ဆမ်းခရီးထွက်ချင်လို့ ရည်းစားရှာနေတဲ့ ဂျပန်ဘီလျှံနာသူဌေးကြီး

လကမ္ဘာဆီ ပျားရည်ဆမ်းခရီးထွက်ချင်လို့ ရည်းစားရှာနေတဲ့ ဂျပန်ဘီလျှံနာသူဌေးကြီး


ဂျပန်နိုင်ငံက ဘီလျှံနာသူဌေးကြီး ယူဆာကူမီဇာဝါဟာ လကမ္ဘာကို ပတ်မယ့် အာကာသခရီးအတွက် သူနှင့်အတူ လက်တွဲလိုက်ပါမယ့် ချစ်သူရည်းစား အမျိုးသမီးတစ်ဦးကို ရှာပုံတော်ဖွင့်လျက် ရှိနေပါတယ်။

 

အီလွန်မတ်ပိုင် SpaceX ကနေ ပွဲဦးထွက် ပျံသန်းမယ့် ပုဂ္ဂလိက လကမ္ဘာပတ် အာကာသခရီးစဉ်အတွက် ရည်းစားဖော်အဖြစ် အသက် ၂၀ ကျော်ဝန်းကျင် လူလွတ် ရည်းစားမိန်းကလေးကို အလိုရှိနေကြောင်း အွန်လိုင်းကနေ ကြေညာမောင်းခတ်နေတော့တာ ဖြစ်ပါတယ်။


အသက် ၄၄ နှစ်ရှိ အွန်လိုင်းဖက်ရှင် လုပ်ငန်းရှင်ကြီး မီဇာဝါဟာ SpaceX ရဲ့ Starship ဒုံးပျံနဲ့ လကမ္ဘာကို ပတ်မယ့် ခရီးစဉ်မှာ ပထမဆုံး အရပ်သားခရီးသည်ဖြစ်လာဖို့ ရှိသူပါ။

အဲဒီ ပုဂ္ဂလိကအာကာသခရီးစဉ်ကို ၂၀၂၃ မှာ ပျံသန်းဖို့ စီစဉ်ထားတာ ဖြစ်ပြီး ဒီ လကမ္ဘာပတ်ခရီးစဉ်ဟာ ၁၉၇၂ ခုနှစ်နောက်ပိုင်း လူသားတွေရဲ့ လကမ္ဘာဆီ ပထမဆုံး ခရီးထွက်ခြင်း ဖြစ်လာတော့မှာပါ။


အွန်လိုင်းကနေ လျှောက်လွှာခေါ်ယူမှုမှာ မီဇာဝါက စံထိုက်အမျိုးသမီးတစ်ဦိးနဲ့အတူ ဒီလကမ္ဘာခရီးစဉ် အတွေ့အကြုံကို အတူခံစားချင်ကြောင်း ရေးသားထားပါတယ်။

“တစ်ကိုယ်ရည် တစ်ယောက်တည်း အာကာသခရီးဆိုတာကတော့ ပျင်းစရာပဲ ဖြစ်မှာ။ ချစ်စရာကောင်းတဲ့ အမျိုးသမီးတစ်ဦးတော့ အဖော်ပြုသွားချင်တယ်။”ဟု အာကာသသို့ နှင်မယ့် ပျားရည်ဆမ်းခရီးအတွက် ရည်းစားရှာ ဝက်ဘ်ဆိုက်မှာ မီဇာဝါက ရေးသားထားတာ ဖြစ်ပါတယ်။


“ကျွန်တော် ဘဝလက်တွဲဖော် ရှာတွေ့လိုတယ်။ ကျွန်တော်ရဲ့ အနာဂတ် လက်တွဲဖော်နဲ့အတူ အာကာသကနေပြီး ကျွန်တော်တို့ရဲ့ ချစ်မေတ္တာနဲ့ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးကို ဟစ်ကြွေးအော်ဟစ်ချင်တယ်။”လို့ မီဇာဝါက ဆိုပါတယ်။


မီဇာဝါဟာ အသက် ၂၇ နှစ်ရှိ ရုပ်ရှင်မင်းသမီး အာယာမီဂိုရီကီနဲ့ မကြာသေးခင်ကမှ ရည်းစားအဖြစ်က ပြတ်စဲထားတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီး ဖြစ်ပြီး ခုတော့ လကမ္ဘာခရီးစဉ်မှာ သူ့ရဲ့ ရည်စားအဖြစ် အတူလိုက်ပါလိုသူတွေကို လျှောက်လွှာခေါ်ယူနေတော့တာပဲ ဖြစ်ပါတယ်။


Rf; The Verge

Writer_ မောင်သံဆင့်(XYZ News)