တရုတ်နိုင်ငံသား ၄ဝ ကျော်ကို တရားမဝင်နေထိုင်မှုနဲ့ မြဝတီမှာ ဖမ်းဆီး

2020-01-14 22:22:11


တရုတ်နိုင်ငံသား ၄ဝ ကျော်ကို တရားမဝင်နေထိုင်မှုနဲ့ မြဝတီမှာ ဖမ်းဆီး

တရုတ်နိုင်ငံသား ၄ဝ ကျော်ကို တရားမဝင်နေထိုင်မှုနဲ့ မြဝတီမှာ ဖမ်းဆီး


ကရင်ပြည်နယ် မြဝတီမြို့မှာ တရားမဝင် နေထိုင်တဲ့ တရုတ်နိုင်ငံသား ၄ဝ ကျော်ကို ဒီနေ့ အရေးယူ ဖမ်းဆီးလိုက်တယ်လို့ မြဝတီခရိုင် ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး ဦးဆက်လင်းဦးက ပြောပါတယ်။


နိုင်ငံခြားသား အများအပြား တရားမဝင်နေထိုင်တယ်ဆိုတဲ့ သတင်းကြောင့် လူဝင်မှုကြီးကြပ်ရေးဌာန အရာရှိတွေအနဲ့အတူ ရပ်ကွက်အတွင်း သွားရောက်စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။


မြို့ပေါ်ရပ်ကွက် ၃ ခုမှာ ဒီနေ့ညနေပိုင်း ဖမ်းဆီးခဲ့တဲ့ အမျိုးသား ၃၅ ဦး၊ အမျိုးသမီး ခုနှစ်ဦးကို ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။


ကာစီနိုလောင်းကစားရုံတွေ၊ တရုတ် စားသောက်ဆိုင်တွေနဲ့ တရုတ်စီးပွားရေးလုပ်ငန်းတွေ များပြားလာတဲ့ မြဝတီမြို့ပေါ်မှာ တရားမဝင်နေထိုင်ကြတဲ့ တရုတ်နိုင်ငံသားတွေ ပိုမိုများပြားလာ ကြောင်း မြို့ခံတစ်ဦးဖြစ်တဲ့ ကိုမျိုးဝင်းက ပြောပါတယ်။




လောင်းကစားရုံတွေကြောင့် ဒေသခံလူငယ် အများအပြား ပျက်စီးလာပြီး၊ ခိုးမှု အပါအဝင် ရာဇဝတ်မှုတွေလည်း များပြားလာတယ်လို့ သူက ဆိုပါတယ်။


ကရင်ပြည်နယ် မြဝတီမြို့မှာ မနှစ်က တရုတ်နိုင်ငံသားတွေ များပြားလာတဲ့အတွက် တရုတ်စာနဲ့ ဆိုင်းဘုတ်တွေ ခွင့်ပြုချက်မရယူဘဲ ဥပဒေမဲ့ တင်တာတွေရှိတဲ့အတွက် မြဝတီစည်ပင်သာယာက လိုက်လံဖြုတ်သိမ်းခဲ့ပါတယ်။


လက်ရှိ မြဝတီမြို့မှာ ရောက်ရှိနေတဲ့ တရုတ်နိုင်ငံသားတွေဟာ လက်နက်ကိုင်အဖွဲ့တချို့ အကာအကွယ်နဲ့ ဟိုတယ်တွေမှာ မတည်းခိုဘဲ ရပ်ကွက်တွေထဲနေအိမ်တွေ ငှားရမ်းနေထိုင်တာ၊ လိုင်စင်မဲ့ကားတွေကို ကိုယ်တိုင်မောင်းနှင်တာ၊ ကာစီနိုလောင်းကစားရုံတွေ ဖွင့်လှစ်တာနဲ့ မူးယစ်ဆေးဝါးကိစ္စတွေမှာ ပါဝင်ပတ်သက်နေတာတွေ ရှိတယ်လို့ မြဝတီမြို့ခံ အများအပြားက ပြောကြပါတယ်။




မြဝတီမြို့မှာ ရောက်နေတဲ့ တရုတ်နိုင်ငံသားတွေ ဥပဒေလိုက်နာမှု အားနည်းနေကြောင်း ပြောဆိုချက်နဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ တရုတ်သံရုံးကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။


(RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့သည်။)