နိုင်ငံခြားသားစုံတွဲကို မြန်မာတွေရဲ့ ရိုးသားမှုကို သိသွားစေခဲ့တဲ့ Tourist Police အဖွဲ့ ရဲ့ လုပ်ရပ်

2020-01-15 10:26:30


နိုင်ငံခြားသားစုံတွဲကို မြန်မာတွေရဲ့ ရိုးသားမှုကို သိသွားစေခဲ့တဲ့ Tourist Police အဖွဲ့ ရဲ့ လုပ်ရပ်

နိုင်ငံခြားသားစုံတွဲကို မြန်မာတွေရဲ့ ရိုးသားမှုကို သိသွားစေခဲ့တဲ့ Tourist Police အဖွဲ့ ရဲ့ လုပ်ရပ်


မြန်မာနိုင်ငံဟာဆိုရင် ကမ္ဘာနိုင်ငံအသီးသီးက သိပ်ပြီးတော့ သိကြတာမဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ ရှုခင်းကောင်းတွေ ရှိတာကိုလည်း မသိကြပါဘူး။ ဒါပေမယ့် အချို့နိုင်ငံသားတွေကတော့ ရှေးဟောင်းအမွေအနှစ်တွေ အများအပြားရှိတဲ့ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ကြတာလည်း အားလုံးတွေ့မှာပါနော်။


ဒီလို လာလည်တဲ့လူတွေကပဲ မြန်မာနိုင်ငံရဲ့ ကောင်းကြောင်းကို ပြန်လည် ဖောက်သည်ချမှ မြန်မာ ခရီးသွားလုပ်ငန်းကြီး တိုးတက်လာမှာဖြစ်ပါတယ်။ဒါကြောင့် ကမ္ဘာ့အလယ်မှာ မြန်မာရယ်လို့ ပြောစမှတ်ရှိရအောင် Tourist Police အဖွဲ့ က စွမ်းဆောင်နိုင်ခဲ့ကြောင်းကို ဧည့်လမ်းညွှန်လုပ်နေသူ ကိုစိုးပိုင်ကတော့ သူကြုံတွေ့ခဲ့ရတဲ့အကြောင်းလေးကို အခုလိုပဲ ချီးမွမ်းစကား ဆိုထားပါတယ်။


((


ဒီနေ့မနက်ပိုင်း ဧည့်သည်အဖွဲ့နဲ့ မင်းကွန်းကိုသွားလည်ခဲ့ပါတယ်။ အရင်ဆုံး မင်းကွန်းပုထိုးတော်ကြီးကိုရှင်းပြ ပြီးတော့သူတို့လည်ဖို့ ဓာတ်ပုံရိုက်ဖို့ ၁၅ မိနစ်အချိန်ပေး၊ ပြီးတော့ ခေါင်းလောင်းကြီး ၊ မြသိန်းတန်ဘုရား အစဉ်လိုက်ဆက်သွားပေါ့။


မြသိန်းတန်ဘုရားမှာ ဧည့်သည်တွေကိုရှင်းပြပြီး ဘုရားလည်ဖို့်နဲ့ ဓာတ်ပုံရိုက်ဖို့ မိနစ် ၂၀ ထပ်ပေးပြီး ကိုယ်လည်းဘုရားရှေ့ကဆိုင်မှာထိုင်စောင့်ပေါ့။


အဲဒီအချိန်မှာ ပုထိုးတော်ကြီးရှေ့က ကော်ဖီနဲ့အမှတ်တရပစ္စည်းရောင်းတဲ့ ဒေါ်ညိုကြည်ဆိုင်က အမတစ်ယောက် ဆိုင်ကယ်နဲ့ရောက်လာပြီး အကို့အဖွဲ့ကဧည့်သည်တစ်ယောက် ပိုက်ဆံအိတ်ပျောက်လား လာမေးပါတယ်။


))


အဲဒီအချိန်ကိုယ့်ဧည့်သည်တွေက မြသိန်းတန်ဘုရားထဲလည်နေချိန်ပါ။ ကိုယ်က ပုထိုးတော်ကြီးရောက်ရင်ဒေါ်ညိုကြည်ဆိုင်မှာထိုင်စောင့်နေကြဆိုတော့ သူတို့နဲ့ဆွေမျိုးတွေလိုရင်းနှီးနေတာပါ။


ကိုယ့်ဧည့်သည်တွေက ဘုရားထဲလည်နေချိန်ဆိုတော့ သူတို့ကိုလိုက်ရှာဖို့ မဖြစ်နိုင်သေးပါဘူး၊ ဘယ်ဧည့်သည်မှန်းလည်း မသိနိုင်သေးဘူးလေ။ ကိုယ့်အဖွဲ့ထဲကဖြစ်နိုင်သလို တစ်ခြားအဖွဲ့ထဲကလည်းဖြစ်နိုင်ပါတယ်။


ဆိုင်ကယ်နဲ့လာပြောပေးတဲ့အမက အမျိုးသမီးတစ်ယောက်က ပိုက်ဆံအိတ်ကောက်ရလို့ Tourist Police လက်ထဲမှာထိန်းသိမ်းထားကြောင်းနဲ့ အကို့အဖွဲ့ထဲကဆိုရင် အိတ်ထဲမှာပါတဲ့အမျိုးအမည်ပြောပြီး ပြန်ယူနိုင်ကြောင်းလာပြောပေးတာပါ ( ကျေးဇူးအထူးပါအမရေ)။


ကိုယ်ကတော့ Tourist Police လက်ထဲရောက်နေပြီဆိုတော့မပူတော့ပါဘူး။ ကိုယ့်ဧည့်သည်ထဲကဖြစ်ခဲ့ရင် သေချာပေါက်ပြန်ရတော့မှာကိုး။

ခဏနေတော့ ကိုယ့်ဧည့်သည်အဖွဲ့ထဲက လင်မယားနှစ်ယောက်ပျာပျာသလဲနဲ့ရောက်လာတော့တာပဲ။ စိုး ငါတို့ပိုက်ဆံအိတ်ပျောက်သွားလို့တဲ့၊သူတို့ကတော့ တုန်လှုပ်နေပြီပေါ့လေ။

အဲဒီအချိန်မှာပဲ Tourist Police က ရဲမေနှစ်ယောက်လည်းဆိုင်ကယ်နဲ့ရောက်လာပါတယ်။ သူတို့ရှေ့မှာပဲ ဧည့်သည်ကိုအိတ်ရဲ့အရောင်နဲ့အိတ်အမျိုးအစား ၊ ငွေသားအရေအတွက်၊ Credit Card အမျိုးအစားအားလုံးမေးတော့ ဧည့်သည်ရဲ့အိတ်မှန်နေတာနဲ့ ရုံးခန်းမှာပြန်ယူခဲ့ပါတယ်။


ဧည့်သည်မှာအံ့သြလွန်းလို့ မင်းတို့မြန်မာတွေဒီလောက်ရိုးသားကြသလား၊ Tourist police ကလည်းမြန်လိုက်တာ၊ ပိုက်ဆံအိတ်ပိုင်ရှင်ကိုချက်ချင်း လိုက်ရှာပေးနိုင်အောင် Service ကောင်းလိုက်တာနဲ့ချီးမွမ်းမဆုံးပါဘူး။


ပိုက်ဆံအိတ်ကောက်ရတဲ့အမျိုးသမီးရော၊ ထိန်းသိမ်းပေးထားပြီး ပိုင်ရှင်လိုက်ရှာပေးတဲ့ Tourist police ရော၊ ပုထိုးတော်ကြီးရှေ့မှာဆိုင်ဖွင့်ထားတဲ့ ဒေါ်ညိုကြည်ဆိုင်က အမရော ကျေးဇူးအထူးတင်ပါတယ်လို့ ဧည့်သည်ကိုယ်စား မှတ်တမ်းတင်ပေးရပါတယ်။


အခုလို မြန်မာနိုင်ငံဂုဏ်ကိုဆောင်နိုင်စေခဲ့တဲ့ ခရီးသွားရဲတပ်ဖွဲ့တွေကိုလည်း အထူးပဲကျေးဇူးတင်မိပါတယ်။ ဘယ်လိုဖြစ်ဖြစ် မိမိကြောင့် နိုင်ငံဂုဏ်ကို မမြှင့်တင်နိုင်ရင်တောင် မိမိကြောင့် နိုင်ငံ့ဂုဏ်မကျအောင်လို့ ဝိုင်းဝန်းစွမ်းဆောင်ကြဖို့ အားလုံးမှာတာဝန်ရှိပါတယ်။


Writer- SMT(Shwe Yaung Lan)

Source- Soe Paing