စက်ရုံမီးခိုးခေါင်းတိုင်ပေါ်ကနေ လေထီးခုန်ချသူ၊ လေထီးမပွင့်ဘဲ ခေါင်းပွင့်ခဲ့ရတဲ့အဖြစ်

2019-08-09 10:18:20


စက်ရုံမီးခိုးခေါင်းတိုင်ပေါ်ကနေ လေထီးခုန်ချသူ၊ လေထီးမပွင့်ဘဲ ခေါင်းပွင့်ခဲ့ရတဲ့အဖြစ်

နာမည်ကျော် လူသိများတဲ့ YouTuber တစ်ယောက်ဟာ စွန့်စားရတဲ့ ဗွီဒီယိုဖိုင်တွေကြောင့် ပရိသတ် အားပေးမှု အခိုင်အမာ ရရှိခဲ့သူပါ။ သူဟာ နောက်ဆုံးပြခဲ့စတန့်ပြကွက်မှာ အကြီးအကျယ် မှားယွင်းခဲ့ပြီး အသက်ပေးခဲ့ရပါတယ်။ တကယ်တော့ သူဟာ မဖြစ်နိုင်တဲ့ စတန့်ပြကွက်ကို ပြခဲ့တာပါ။


သူ့အမည်ကတော့ Ruben Carbonell ဖြစ်ပြီး၊ သူဟာ ဘိလပ်မြေစက်ရုံတစ်ခုရဲ့ မီးခိုးခေါင်းတိုင်ပေါ်ကနေ လေထီးနဲ့ခုန်ချခဲ့တာပါ။ မီးခိုးခေါင်းတိုင်ဟာ အမြင့်ပေ (၁၅၀)သာဖြစ်လို့၊ လေထီးပွင့်ဖို့အချိန် ဘယ်လိုမှ မလောက်ငနိုင်ပါဘူး။ အဲဒီဘိလပ်မြေစက်ရုံဟာ Alicante က San Vicente del Raspeig မှာတည်ရှိပါတယ်။


အသက်(၂၉)နှစ်အရွယ် စပိန်နိုင်ငံသား Ruben ဟာ လုံးဝမဖြစ်နိုင်ဘူးဆိုတဲ့ စွန့်စားခန်းတွေကို စွန့်စားပြသူဖြစ်ပြီး၊ သူ့နေနဲ့ ဒီလောက် ပေအနည်းငယ်အတွင်းမှာ လေထီးကပွင့်ချိန် မမီနိုင်ဘူးဆိုတာ တွေးမိခဲ့ပုံမရပါဘူး။ သူ့လုပ်ရပ်ကို ဗွီဒီယိုမှတ်တမ်းတင်ပြီး၊ YouTube ပေါ်မှာ လွှင့်နိုင်ရေးသာ ပိုဂရုစိုက်နေပါတယ်။




Ruben ဟာ ပြုတ်ကျတဲ့ဒဏ်ရာကြောင့် နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရပါတယ်။ သူနဲ့ အပေါင်းအပါတွေဟာ မီးခိုးခေါင်းတိုင်ပေါ်ကနေ ခုန်ချနိုင်ဖို့ ဘိလပ်မြေစက်ရုံကို ကာရံထားတဲ့ သံဆူးကြိုးတွေကို ကျော်ဖြတ်ခဲ့ရပါတယ်။ တကယ်လို့ စက်ရုံလုံခြုံရေးကသာ သူတို့ကို တွေ့သွားရင် Ruben သေဖို့မရှိပါဘူး။




ဒါပေမယ့် သူကိုယ်တိုင်က သေဖို့ ကံပါလာလို့ စက်ရုံဝင်းအတွင်းကို လျှောလျှောရှုရှူရောက်သွားခဲ့တာပါ။ အခုအဖြစ်အပျက်မှာ ရဲဘက်က ဘာမှ ထုတ်ပြန်မှုမရှိသေးပါဘူး။ ဒါပေမယ့် အပေါင်းအပါတွေကတော့ ဥပဒေအရ အရေးယူခံရဖို့ရှိနေကြောင်း သိရပါတယ်။


လင်းဇော်ကို (D Nae Thit)


source : Mirror