ကြေးစားလူသတ်သမားတွေက လူသတ်ခကို ဖြတ်ယူပြီး အဆင့်ဆင့် ကြေးစားလူသတ်သမားတွေ ပြန်ငှားရာက နောက်ဆုံး ကြေးစားက သတ်ချင်ဟန်ဆောင်ပြီး ငွေလိမ်ယူ

2020-01-20 09:07:38


ကြေးစားလူသတ်သမားတွေက လူသတ်ခကို ဖြတ်ယူပြီး အဆင့်ဆင့် ကြေးစားလူသတ်သမားတွေ ပြန်ငှားရာက နောက်ဆုံး ကြေးစားက သတ်ချင်ဟန်ဆောင်ပြီး ငွေလိမ်ယူ

ကြေးစားလူသတ်သမားတွေက လူသတ်ခကို ဖြတ်ယူပြီး အဆင့်ဆင့် ကြေးစားလူသတ်သမားတွေ ပြန်ငှားရာက နောက်ဆုံး ကြေးစားက သတ်ချင်ဟန်ဆောင်ပြီး ငွေလိမ်ယူ

ဒီ သတင်းကို မတင်ဆက်ခင် နည်းနည်းမက ခေါင်းတော့ရှုပ်ပါလိမ့်မယ်လို့ ကြိုတင် မေတ္တာရပ်ခံပါရစေ။

စပြောရမယ်ဆို လူတစ်ဦးက အခြားလူတစ်ယောက်ကို သတ်ပေးဖို့ ကြေးစားလူသတ်သမား ငှားတာက စပါတယ်။ ဒါပေမယ့် အငှားခံရတဲ့ ကြေးစားလူသတ်သမားက နောက်ထပ် ကြေးစားလူသတ်သမားကို ငှားပြီး သူ သတ်ရမယ့်သူကို သတ်ခိုင်းပါတယ်။ ဒုတိယမြောက် ကြေးစားလူသတ်သမားကလည်း နောက်ထပ် ကြေးစားကို ငှားပြန်ပါတယ်။

ဒီလို လူတစ်ဦးကို သတ်ပေးဖို့ ကြေးစားလူသတ်သမားတွေဟာ နောက်ထပ် ကြေးစားလူမိုက်တွေကို ပြန်ပြန်ငှားတာဟာ ကြေးစားလူသတ်သမား ငါးဦး ရှိသွားတဲ့အထိ ဖြစ်သွားပြီး နောက်ဆုံးတော့ ရဲစခန်း ရောက်ကုန်ကြပါတယ်။

တရုတ်နိုင်ငံ Guangxi ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဖြစ်ပွားတဲ့ ဒီ ကြေးစားလူသတ်သမားတွေအကြောင်း ခု တင်ပြသလောက်အထိ နားမရှုပ်ဘူးဆိုရင်တော့ သတင်းကို လုံးစေ့ပတ်စေ့ ဆက်လက်ဖော်ပြပါ့မယ်။

အတိုချုပ် ပြောရရင် စီးပွားရေးသမား တန်ယုဟွီကနေ ဇာတ်လမ်းစပါတယ်။ တန်ဟာ ယွမ် နှစ်သန်း (အမေရိကန်ဒေါ်လာ ၂၈၂၀၀၀ ဒေါ်လာ) အတွက် သူရဲ့ ပြိုင်ဖက်ကို လက်စဖျောက်ဖို့ ကြေးစားလူသတ်သမားတစ်ဦး ငှားရာကနေ စပါတယ်။

လက်စဖျောက်ပေးဖို့ အလုပ်လက်ခံလိုက်တဲ့ ကြေးစားလူမိုက်ဟာ တစ်ဆင့်ခံ ကြေးစားလူသတ်သမား ငှားရာက သတ်ဖြတ်ရမှာ အင်တင်တင်ဖြစ်ကြတဲ့ ကြေးစားတွေဟာ နောက်ကြေးစားတွေ တစ်ဆင့်က တစ်ဆင့် ငှားကြတာဖြစ်တယ်လို့ တရားရုံးမှာ ကြားနာပါတယ်။

၂၀၁၃ ခုနှစ်အတွင်းက ဝေဆိုသူဟာ တန်ရဲ့ ကုမ္ပဏီကနေ ပိုက်ဆံတွေ ဖြောင်သွားခဲ့တာပါ။ အဲဒီအတွက် တန်ဟာ ဝေကို သတ်ပေးဖို့ ရှီဆိုတဲ့ ကြေးစားလူသတ်သမားကို ငှားရမ်းသတ်ခိုင်းပါတယ်။

ရှီဟာ လူသတ်ပေးဖို့အတွက် မိုဆိုတဲ့ ကြေးစားကို ယွမ် တစ်သန်းနဲ့ ငှားရမ်းပြန်ပါတယ်။ ရှီဟာ တန်ဆီ ပြန်လာခဲ့ပြီး သတ်ပြီးရင် နောက်ထပ် ယွမ် တစ်သန်းထပ်ပေးဖို့ သဘောတူညီမှု ယူပါတယ်။

ဒါပေမယ့် မိုဟာ ယန်ဆိုတဲ့ ကြေးစားလူသတ်သမားကို စရံ ယွမ် ၂၇၀၀၀၀ ပေးပြီး ဝေကို သတ်ပြီးရင် ယွမ် ငါးသိန်း ထပ်ပေးမယ်လို့ ငှားရမ်းပြန်ပါတယ်။

အဲဒီ တတိယကြေးစားလူသတ်သမား ယန်ဟာ ကျန်ရှန်ဆိုတဲ့ ကြေးစားကို ငှားရမ်းပြန်ပြီး ကျန်ရှန်ဟာလည်း ငါးယောက်မြောက် ကြေးစားဖြစ်တဲ့ လင်ကို ယွမ် တစ်သိန်းနဲ့ ငှားရမ်းပြန်တာဖြစ်ပါတယ်။

လင်အလှည့်မှာတော့ ဝေနဲ့ ကော်ဖီဆိုင်မှာ တွေ့ပြီး အကျိုးအကြောင်း အကုန်ပြောလို့ ဝေကို သတ်ထားလို့ သေနေတဲ့ ပုံစံ ဟန်ဆောင်စေကာ ဓာတ်ပုံတွေ ရိုက်ယူပြီး လူသတ်ခကို ထုတ်ယူသွားခဲ့တာ ဖြစ်ပါတယ်။ ဒီ အမှုနဲ့ ပတ်သက်ပြီး လက်စဖျောက် သတ်ခိုင်းတဲ့ တန်ရယ်၊ ကြေးစားလူသတ်သမား ငါးဦးရယ်ကို လူသတ်ရန် ကြံစည်မှုနဲ့ တရားစွဲဆိုနေတော့တာ ဖြစ်ပါတယ်။

Crd# Writer_ မောင်သံဆင့်(XYZ News)
Rf; LAD Bible