ပါကစ္စတန်တွင် ရာသီဥတု ပြင်းထန်မှုကြောင့် ၁၀၅ ဦး သေဆုံး၊ ကယ်ဆယ်ရေး နှောင့်နှေး

2020-01-20 14:31:37


ပါကစ္စတန်တွင် ရာသီဥတု ပြင်းထန်မှုကြောင့် ၁၀၅ ဦး သေဆုံး၊ ကယ်ဆယ်ရေး နှောင့်နှေး

ပါကစ္စတန်တွင် ရာသီဥတု ပြင်းထန်မှုကြောင့် ၁၀၅ ဦး သေဆုံး၊ ကယ်ဆယ်ရေး နှောင့်နှေး

ပါကစ္စတန်နိုင်ငံမှာ အအေးအပြင်းထန်ဆုံး ဆောင်းရာသီကြောင့် နိုင်ငံရဲ့ တချို့ဒေသတွေမှာ အသေအပျောက်နဲ့ ဆုံးရှုံးမှုတွေ ကြုံနေရပြီး အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကလည်း လိုအပ်တဲ့နေရာကို ချက်ချင်းရောက်မလာနိုင်ဘဲ နှောင့်နှေးနေပါတယ်။

လတ်တလော အပြင်းထန်ဆုံး ရာသီဥတု အခြေအနေကြောင့် နိုင်ငံတဝန်း ကလေးငယ်တွေ အပါအဝင် အနည်းဆုံး လူ ၁၀၅ ယောက် သေဆုံးတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။

နိုင်ငံအနှံ့အပြားမှာ ဆက်လက်ဆိုးရွားနေဆဲ ရာသီဥတုအခြေအနေကြောင့် သေဆုံးနှုန်းဟာ အခုထက် ပိုများလာဦးမယ်လို့ သဘာဝဘေး စီမံခန့်ခွဲရေးအာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။

နှင်းတောထဲမှာဆိုရင် ၁ နာရီ သွားရမယ့်ခရီးက အနည်းဆုံး ၅ နာရီ၊ ၆ နာရီကြာပြီး ဘူဒိုဇာတွေကလည်း လမ်းကို သေချာမရှင်းလင်းနိုင်တော့ မော်တော်ကားတွေ လမ်းချော်နိုင်ပြီး မတော်တဆမှုတွေ အများကြီးဖြစ်တယ်လို့ ဒေသခံကားသမား တာရစ်ခ်ဆူလ်တန်ကေ ပြောပါတယ်။

လမ်းတွေပိတ်နေလို့ ဒီဒေသကို ရောက်လာကြတဲ့ တိုးရစ်ခရီးသည်တွေလည်း ကားတွေထဲ ပိတ်မိနေကြတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် ဒီလို ရာသီဥတုအခြေအနေကြားထဲ နှင်းတောထဲနဲ့ မြေပြိုလေ့ရှိတဲ့ နေရာတွေထဲမှာ မလိုအပ်ဘဲ ခရီးမသွားကြဖို့ ပါကစ္စတန်အာဏာပိုင်တွေက လူတွေကို သတိပေး နှိုးဆော်ထားပါတယ်။

သောက်သုံးရေလည်း မပေးနိုင်တော့လို့ ဒေသခံတွေဟာ နှင်းတွေ အရည်ပျော်လာတဲ့အပေါ် မှီခိုနေကြရပါတယ်။

ဒေသအာဏာပိုင်တွေကတော့ အစားအစာနဲ့ ကူညီရေးပစ္စည်းတွေကို ဘေးဒဏ်သင့်ဒေသတွေဆီကို စတင် ထောက်ပံ့ကူညီပေးနေပါပြီ။

Crd# DVB TV News