မင်းသားဟယ်ရီတို့ ဇနီးမောင်နှံက တော်ဝင်ဘွဲ့အမည် သုံးရတော့မှာ မဟုတ်ကြောင်း ဘတ်ကင်ဟမ်နန်းတော် ကြေညာ

2020-01-20 14:39:58


မင်းသားဟယ်ရီတို့ ဇနီးမောင်နှံက တော်ဝင်ဘွဲ့အမည် သုံးရတော့မှာ မဟုတ်ကြောင်း ဘတ်ကင်ဟမ်နန်းတော် ကြေညာ

မင်းသားဟယ်ရီတို့ ဇနီးမောင်နှံက တော်ဝင်ဘွဲ့အမည် သုံးရတော့မှာ မဟုတ်ကြောင်း ဘတ်ကင်ဟမ်နန်းတော် ကြေညာ

တော်ဝင်မိသားစု အထက်တန်းလွှာမှ ထွက်ခွာတော့မယ်လို့ ကြေညာလိုက်တဲ့ ဆပ်ဆက်မြို့စားနဲ့ မြို့စားကတော်တို့ဟာ နောက်ပိုင်းမှာ တော်ဝင်ဘွဲ့အမည် သုံးရတော့မှာ မဟုတ်ဘူးလို့ ဘတ်ကင်ဟမ်နန်းတော်က စနေနေ့မှာ ကြေညာပါတယ်။

မင်းသားဟယ်ရီနဲ့ မီဂန်တို့ဟာ တော်ဝင်မိသားစု လုပ်ငန်းတွေကို လိုက်နာလုပ်ဆောင်တော့မှာ မဟုတ်ဘဲ ၎င်းတို့ တရားဝင်နေထိုင်ခဲ့ရာ Frogmore Cottage အိမ်တော်ရာ ပြန်လည်ပြုပြင်ထိန်းသိမ်းစရိတ်ဖြစ်တဲ့ ဗြိတိန်အခွန်ထမ်းပြည်သူတွေရဲ့ ပေါင် ၂ ဒသမ ၄ သန်း(အမေရိကန်ဒေါ်လာ ၃ သန်း)ကို ပြန်လည်ပေးချေသွားမယ်လို့လည်း နန်းတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သဘောတူညီမှု တစ်စိတ်တစ်ပိုင်းအဖြစ် ဟယ်ရီတို့ စုံတွဲအနေနဲ့ စစ်ရေးခန့်အပ်မှုတွေ အပါအဝင် တော်ဝင်တာဝန်တွေကနေ ကင်းကင်းရှင်းရှင်း နေထိုင်သွားပြီး ဘုရင်မကြီးကိုလည်း ကိုယ်စားပြုတော့မှာ မဟုတ်ဘူးလို့ ဘတ်ကင်ဟမ်နန်းတော်က ထုတ်ပြန်ပါတယ်။

ဟယ်ရီနဲ့ မီဂန်တို့ဟာ တော်ဝင်တာဝန်တွေအတွက် ရရှိတဲ့ ရန်ပုံငွေကိုလည်း နောက်ပိုင်း ရရှိတော့မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အဆိုပါ သဘောတူညီမှုဟာဆိုရင် ယခု နွေဦးမှာ စတင်အသက်ဝင်တော့မှာ ဖြစ်ပါတယ်။

“လများစွာ ပြောဆိုမှုတွေနဲ့ မကြာသေးခင်က တော်တော်များများ ဆွေးနွေးမှုတွေအပြီးမှာ ကျွန်မရဲ့ မြေးတော်နဲ့ သူ့မိသားစုကို ကျွန်မတို့ဟာ အပြုသဘောဆောင်ပြီး ထောက်ပံ့နိုင်မယ့် နည်းလမ်းကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။”လို့ ထုတ်ပြန်ချက်မှာ ဘုရင်မကြီး အဲလိဇဘတ်က ပြောထားပါတယ်။

“ဟယ်ရီ၊ မီဂန်နဲ့ မြစ်တော်လေး အာချီတို့ဟာ ကျွန်မမိသားစုထဲက ချစ်မြတ်နိုးရသူတွေအဖြစ် အမြဲရှိသွားမှာပါ။ ပြီးခဲ့တဲ့ နှစ်နှစ်မှာ တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကြောင့် သူတို့ဟာ စိန်ခေါ်မှုတွေ ကြုံခဲ့ရတာကို ကျွန်မ သိပါတယ်။ ပိုမိုလွတ်လပ်တဲ့ ဘဝအတွက် သူတို့ရဲ့ ဆန္ဒကို ကျွန်မ ဖြည့်ဆည်းပါတယ်။”လို့ ဘုရင်မကြီးက ပြောခဲ့ပါတယ်။

Rf; CNN
Crd# Writer_ မောင်သံဆင့်(XYZ News)