ခါးနာရောဂါနှင့် ဒူးနာခြင်းများကို နှိပ်နယ်ကုသပေးမည့် အမ်မာစက်ရုပ်

2020-01-20 17:06:24


ခါးနာရောဂါနှင့် ဒူးနာခြင်းများကို နှိပ်နယ်ကုသပေးမည့် အမ်မာစက်ရုပ်

ခါးနာရောဂါနှင့် ဒူးနာခြင်းများကို နှိပ်နယ်ကုသပေးမည့် အမ်မာစက်ရုပ်

ကျောနဲ့ ဒူးနာတာတွေကို နှိပ်နယ်ကုသပေးမယ့် စက်ရုပ်အနှိပ်သည် စင်ကာပူနိုင်ငံမှာ  စတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။

Expert Manipulative Massage Automation (EMMA) အမ်မာလို့ အမည်ရတဲ့ စက်ရုပ်ဟာ ရှိရာဆူ (Shiatsu) ရှေးဂျပန်ရိုးရာနှိပ်နည်းနဲ့ Physiotherapy လို့ခေါ်တဲ့ အကြောအဆစ်တွေကို နှိပ်နယ်ပေးခြင်း စတဲ့ ကုထုံးဆိုင်ရာ နှိပ်နည်းတွေကို ပုံတူကူးဖို့ လူသားရဲ့ လက်ဝါးနဲ့ လက်မတွေ လုပ်ဆောင်သလို တုပလုပ်ဆောင်နိုင်တယ်လို့ သိရပါတယ်။

နည်းပညာကုမ္ပဏီက ကျန်းမာရေးစောင့်ရှောက်မှု နယ်ပယ်မှာ အရည်အသွေးနဲ့ကိုက်ညီပြီး လုပ်သားရှားပါးမှုကို ရင်ဆိုင်နိုင်ဖို့ အမ်မာ အနှိပ်သည်စက်ရုပ်ကို ရည်ရွယ်ထုတ်လုပ်ခဲ့တာလို့ ဆိုပါတယ်။

စက်ရုပ် အမ်မာဟာ အောက်တိုဘာ ၉ ရက်နေ့က နိုဗာ ကျန်းမာရေးနဲ့ တရုတ်တိုင်းရင်းဆေးခန်းမှာ လူသားဝန်ထမ်းတွေဖြစ်တဲ့ ဆရာဝန်တွေ၊ အနှိပ်ကုထုံးသမားတွေနဲ့ အတူတကွ လုပ်ဆောင်ခဲ့ပြီး ပထမဦးဆုံးလူနာကို စတင်နှိပ်နယ်ကုသပေးတယ်လို့ သိရပါတယ်။

စင်ကာပူနိုင်ငံ နန့်ယန်းနည်းပညာတက္ကသိုလ် (အန်တီယူ) က စက်ရုပ်အမ်မာကို တီထွင်ခဲ့သူ သုတေသီတဦးက အမ်မာရဲ့ နှိပ်ပေးမှုဟာ တကယ့်လူသားအနှိပ်သည်နဲ့ မခွဲခြားနိုင်ဘူးလို့ လူနာတွေကပြောကြောင်း ဆိုပါတယ်။

အမ်မာကို အန်တီယူက မွေးထုတ်ပေးလိုက်တဲ့ အေအိုင်ထရိ (AiTreat) နည်းပညာကုမ္ပဏီက တိုးတက်ထုတ်လုပ်ခဲ့ပြီး သူ့ရဲ့တန်ဖိုးဟာ စင်ကာပူဒေါ်လာ ၁၀ သန်းလောက် ကျသင့်တယ်လို့ သိရပါတယ်။

အမ်မာအနှိပ်သည်စက်ရုပ်ကို အသုံးပြုခြင်းအားဖြင့် ဒီလိုကုထုံးတွေလိုအပ်နေတဲ့၊ သက်ကြီးရွယ်အို လူဦးရေ တိုးပွားလာနေတဲ့ နိုင်ငံတွေမှာ ကုန်ကျစရိတ် သက်သာနိုင်ပြီး နာတာရှည် နာကျင်မှုရောဂါတွေကို ကုသတဲ့အခါ အထောက်အကူပြုမယ်လို့ ဒေးလီးမေးလ် သတင်းတပုဒ်မှာ အောက်တိုဘာ ၉ ရက်နေ့က ဖော်ပြထားပါတယ်။

Crd# XYZ News
(ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်)