ကျည်ဆံရထားပေါ် တက်ကမြင်းတဲ့ စုံတွဲ၊ တစ်ဦးဓာတ်လိုက်သေဆုံး၊ တစ်ဦးပျောက်ဆုံးနေ

2019-08-09 12:51:22


ကျည်ဆံရထားပေါ် တက်ကမြင်းတဲ့ စုံတွဲ၊ တစ်ဦးဓာတ်လိုက်သေဆုံး၊ တစ်ဦးပျောက်ဆုံးနေ

ရုရှားနိုင်ငံ၊ မော်စကိုမှာပြေးဆွဲနေတဲ့ လျှပ်စစ်အထူးအမြန်ရထားတစ်စင်းပေါ်မှာ လူငယ်တစ်ယောက် ဆိုးဆိုးရွားရွား ဓာတ်လိုက်ပြီး သေဆုံးခဲ့ရပါတယ်။ (၁၅၅)မိုင်နှုန်းနဲ့မောင်းတဲ့ လျှပ်စစ်ကျည်ဆံရထားဖြစ်တာကြောင့်၊ ခေါင်မိုးပေါ်ကနေ ခိုးစီးဖို့ကြိုးစားတဲ့ ကောင်လေး ဒုက္ခရောက်ခဲ့ရတာပါ။


အင်္ဂလိပ်မှာ Train surfer ဆိုတာ ရထားခေါင်မိုး၊ ဘေးဘက်၊ နောက်မြီး၊ ကိုင်စရာ သံတန်းတွေကနေ တွယ်စီးတဲ့သူတွေကို ဆိုလိုတာပါ။ ပြင်းထန်စွာ ဓာတ်လိုက်ခံလိုက်ရတဲ့ ကောင်လေးအမည်ကတော့ Dmitry Mikhailenko ဖြစ်ပါတယ်။




Dmitry ဟာ ခေါင်မိုးပေါ်က ဗို့အား (၄၀၀၀)လွှတ်ထားတဲ့ ဓာတ်ကြိုးကို ကိုင်မိတာ၊ ဒါမဟုတ် ငြိသွားတာမျိုး ဖြစ်နိုင်ပါတယ်။ သူ ဓာတ်လိုက်ပြီး မီးလောင်နေချိန်မှာ ရထားက အရှိန်ပြင်းစွာ ခုတ်မောင်းနေပါတယ်။ ခရီးသည်တွေက ညှော်နံ့ရလို့ စက်ခေါင်းမောင်းဆီကို သတင်းပို့လိုက်တာပါ။




ရထားဟာ စိန့်ပီတာစဘက်ကနေ မော်စကိုကို ဦးတည်ခုတ်မောင်းလာတာ ဖြစ်ပါတယ်။ ရထားကို ရပ်တန့်စစ်ဆေးချိန်မှာတောင် Dmitry ကိုလောင်တဲ့မီးက မငြိမ်းသေးပါဘူး။ Dmitry ဟာ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ သြဂုတ်(၄)ရက်က ဖြစ်ခဲ့တာပါ။




Dmitry နဲ့အတူ ရထားခေါင်မိုးပေါ်မှာ Anya Morozova အမည်ရ အဖော်မိန်းကလေး အတူရှိခဲ့ကြောင်း သိရပေမယ့်၊ အခင်းဖြစ်ပွားချိန်မှာ သူမက ပျောက်ဆုံးနေခဲ့ပါတယ်။ Anya ဟာ အသက်(၂၀)အရွယ် မိန်းကလေးဖြစ်ပြီး၊ သူမကိုယ်တိုင်က ဓာတ်လိုက်ခံရပြီး ပြုတ်ကျနေခဲ့တာလားဆိုတာ မသိရသေးပါဘူး။


လင်းဇော်ကို (D Nae Thit & D Nae Khit)


source : Mirror