အိမ်ရှင်ရဲ့ တစ်နှစ်ခွဲအရွယ်သမီးလက်ကို ဒယ်အိုးပူထဲ ထည့်ခဲ့တဲ့မြန်မာအိမ်အကူ(ရုပ်သံ)

2020-01-23 13:29:15


အိမ်ရှင်ရဲ့ တစ်နှစ်ခွဲအရွယ်သမီးလက်ကို ဒယ်အိုးပူထဲ ထည့်ခဲ့တဲ့မြန်မာအိမ်အကူ(ရုပ်သံ)

အိမ်ရှင်ရဲ့ တစ်နှစ်ခွဲအရွယ်သမီးလက်ကို ဒယ်အိုးပူထဲ ထည့်ခဲ့တဲ့မြန်မာအိမ်အကူ(ရုပ်သံ)


မြန်မာ အိမ်အကူ အမျိုးသမီးတစ်ဦးဟာ သူ စောင့်ရှောက်ထိန်းသိမ်းပေးနေရတဲ့ စင်ကာပူအိမ်ရှင်ရဲ့ တစ်နှစ်ခွဲအရွယ် သမီးလေးကို ဒဏ်ရာ အနာတရဖြစ်အောင်လုပ်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံလိုက်ရကြောင်း သိရပါတယ်။ ဇန်နဝါရီ ၁၅ ရက်နေ့က အလုပ်ရှင်တွေရဲ့ အိမ်မှာပဲ အသက် ၃၀ အရွယ် အိမ်အကူဖြစ်သူကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။


အိမ်ရှင်ဖြစ်သူ အေမီလော(၄၀ နှစ်)က သူမ အိမ်မှာတပ်ထားတဲ့ ၄၆ စက္ကန့်စာ စီစီတီဗီမှတ်တမ်းကို ဖေ့ဘုတ်စ်ပေါ် တင်ခဲ့ပြီးနောက် ဇန်နဝါရီ ၂၁ ရက်မှာ ယင်း အခင်းဖြစ်ရပ် လူသိရှင်ကြားဖြစ်လာခဲ့တာပါ။ ဗီဒီယိုမှတ်တမ်းအရ အိမ်အကူဟာ ကလေးရဲ့ ဘယ်ဘက်လက်ကို မီးဖိုပေါ်က အိုးပူထဲ အကြိမ်ကြိမ် ထည့်ခဲ့တာတွေ့ရပြီး ကလေးငိုနေတဲ့ အသံကိုလည်း ဗီယိုဖိုင်မှာ ကြားရပါတယ်။ ယင်းဗီဒီယိုကို ဝင်ရောက်ကြည့်ရှူခဲ့သူ ၂၁၈၀၀၀ ကျော်ရှိခဲ့ပါတယ်။


ယင်း ဖြစ်ရပ်ဟာ ဇန်နဝါရီ ၁၄ ရက်က ဖြစ်ခဲ့တာဖြစ်ကြောင်း အသက် ၈ နှစ်အရွယ် နောက်ထပ် သမီးတစ်ဦးလည်းရှိသေးတဲ့ စာရင်းကိုင်ဖြစ်သူ မစ္စလော က ပြောဆိုပါတယ်။ “ ဒီ စီစီတီတီ မှတ်တမ်းကို မြင်လိုက်ရချိန်မှာ ကျွန်မ တစ်ကိုယ်လုံး ဆတ်ဆတ်တုန်ခဲ့ရပါတယ်” လို့ သူမက ပြောဆိုခဲ့ပါတယ်။ အဲဒီလိုဖြစ်ပြီးနောက်ပိုင်းကစလို့ သမီးလေးက ညတိုင်း ငိုနေကာ အငိုမတိတ် တော့ကြောင်း၊ ကလေးက



စကားမပြောနိုင်သေးတဲ့ အရွယ်ဖြစ်တာကြောင့် သူ ဘယ်လောက် ခံစား နာကျင်နေရသလဲဆိုတာ မိမိတို့ မသိနိုင်ပါကြောင်း သူမက ဆက်လက် ပြောဆိုခဲ့ပါတယ်။ အိမ်အကူဟာ မြန်မာနိုင်ငံမှဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၇ ရက်က အလုပ်ခန့်ခဲ့တာဖြစ်တယ်လို့လည်း သူမက ပြောဆိုပါတယ်။မစ္စလောက သူမရဲ့ ဖေ့စ်ဘုတ်အကောင့်မှာ တရုတ်စာနဲ့ တင်ထားမှုအရ ကလေးဟာ



မီးဖိုပေါ်က ဒယ်အိုးပူကို မတော်တဆ ထိမိခဲ့တာဖြစ်တယ်လို့ ကနဦးမှာ အိမ်အကူက ပြောဆိုခဲ့ကြောင်း ဒါပေမဲ့ စီစီတီဗီ မှတ်တမ်းကို ပြန်ကြည့်ပြီးနောက်မှာတော့ သူ အိမ်ပြန်ချင်တာကြောင့် ကလေးကို အနာတရဖြစ်အောင် လုပ်ခဲ့ မိတယ်လို့ ဝန်ခံ လာခဲ့ကြောင်း သိရပါတယ်။ ယင်းနောက် မစ္စလောက ရဲကို ခေါ်ခဲ့ပြီး အိမ်အကူကို ဖမ်းဆီး စေခဲ့တာဖြစ်ပါတယ်။ အခင်းဖြစ်စဉ်ကို ရည်ရွယ်ချက်ရှိရှိ အန္တရာယ်ဖြစ်လောက်တဲ့ အနာတရဖြစ်စေမှုနဲ့ အမှုဖွင့် စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။