ကင်ဆာသမားတွေ ထီပေါက်သထက် ဝမ်းသာဖို့ကောင်းတဲ့သတင်းကို သိပ္ပံပညာရှင်များဖွင့်ဟ

2020-01-24 22:27:37


ကင်ဆာသမားတွေ ထီပေါက်သထက် ဝမ်းသာဖို့ကောင်းတဲ့သတင်းကို သိပ္ပံပညာရှင်များဖွင့်ဟ

ကင်ဆာသမားတွေ ထီပေါက်သထက် ဝမ်းသာဖို့ကောင်းတဲ့သတင်းကို သိပ္ပံပညာရှင်များဖွင့်ဟ


ကင်ဆာရောဂါပဲဖြစ်ဖြစ် ဘယ်လို ရောဂါပဲဖြစ်ဖြစ် လူတိုင်း ကြောက်ကြမှာပါ။ ဒါပေမယ့် ဆေးဘက်ဆိုင်ရာ နည်းပညာတွေ မြင့်မားလာတဲ့အခါမှာတော့ ရောဂါတွေက ကုသလို့မရဘူးဆိုတာ မရှိသလောက်ဖြစ်လာခဲ့ပါတယ်။ ကင်ဆာလိုရောဂါမျိုးဆိုရင် ကြိုသိလေ ကုသနိုင်မယ့်နည်းလမ်းက လွယ်ကူလေပါ။


ဒါပေမယ့် ခြွင်းချက်တွေကတော့ အများကြီးရှိပါတယ်။ အထူးသဖြင့် ငွေရေးကြေးရေးပေါ့။ တစ်ချို့ဆိုရင် ငွေရှိပေမယ့် ရှိသမျှငွေ ကုန်သည်အထိ ရောဂါလည်းမပျောက်ဘဲ ငွေကုန်သံပြာဖြစ်ရပါတယ်။ အခု သိပ္ပံပညာရှင်တွေကတော့ ကင်ဆာသမားတွေအတွက် ထီပေါက်သထက် ဝမ်းသာဖို့ကောင်းတဲ့သတင်းကို ဝေမျှလိုက်ပါတယ်။


အဲဒါကတော့ ကင်ဆာဆဲလ်တွေ အကုန်လုံးနီးပါး တိုက်ခိုက်နိုင်တဲ့ ခုခံစွမ်းအားမြင့်မားတဲ့ဆဲလ်တစ်မျိုးကို ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။ အခုတွေ့ရှိတဲ့ Killer immune cell အသစ်ကို ကျယ်ပြန့်တဲ့ ကင်ဆာရောဂါကုထုံးအမျိုးမျိုးမှာ စတင်အသုံးပြုဖို့ ပြင်နေပြီလို့ သတင်းတွေအရ သိရပါတယ်။


အခုတွေ့ရှိတဲ့ဆဲလ်ဟာ T-cell အမျိုးအစားဖြစ်ပြီး၊ လူတွေရဲဲ့သွေးထဲမှာ တွေ့ရနိုင်တဲ့ ဆဲလ်တစ်မျိုးပါ။ အဲဒီ T-cell ဟာ ကင်ဆာရောဂါတွေ အများစုကို တိုက်ဖျက်နိုင်စွမ်းရှိပြီး၊ ထူးခြားတာက ကျန်းမာနေတဲ့ ဆဲလ်တွေကိုတော့ ဒီT-cell က ဘာမှ ဒုက္ခမပေးတာပါဘဲ။


Cardiff University မှ သိပ္ပံပညာရှင်တွေက ဒီဆဲလ်ဟာ ကင်ဆာအားလုံးအတွက် “One size fits all”(အခြေအနေ အားလုံးနဲ့ သင့်တော်တဲ့ကုထုံး)လို့တောင် တင်စားထားပါတယ်။ အခုတွေ့ရှိခဲ့တဲ့ T-cell ကို လူနာဆီကနေ ရယူပြီး၊ ပြုပြင်မွမ်းမံမှုတွေ ပြုလုပ်ကာ လူနာရဲ့သွေးစနစ်ထဲကို ပြန်ထည့်သွင်းတဲ့နည်းနဲ့ ကင်ဆာတွေကို ကုသမှာပါ။


အဲဒီလို ပြန်ပြီးထည့်လိုက်တာနဲ့ T-cell တွေဟာ သူတို့ တိုက်ခိုက်ရမယ့် ကင်ဆာဆဲလ်တွေကို အမြန်ရှာဖွေမှာဖြစ်ပါတယ်။ ဒါဟာ ကင်ဆာရောဂါကုထုံးရဲ့ နောက်ဆုံး စံနမူနာ ပြုစရာ ဖြစ်လာမှာပါ။ အခုအသုံးတွင်ကျယ်နေတဲ့ ကုထုံးကတော့ CAR-T ကုထုံးဖြစ်ပြီး၊ ကင်ဆာကို အကန့်အသတ်နဲ့သာ ကုသနိုင်ပါတယ်။


CAR-T ကုထုံးဟာ Solid tumour ကဲ့သို့သော ကင်ဆာတွေကိုတော့ အောင်မြင်အောင် မကုသနိုင်သေးပါဘူး။ Cardiff University ရှိ School of Medicine ရဲ့ သုတေသနခေါင်းဆောင် ပါမောက္ခ Andrew Sewell က ဒီတွေ့ရှိမှုဟာ အလွန်ထူးခြားတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။


လင်းဇော်ကို (D Nae Khit)