ရုတ်တရက်လေဖြတ်လို့ အရေးပေါ်ဆေးရုံ တက်နေရတဲ့ ဒိုလေးရဲ့မိခင်'Aveiro'

2020-03-04 01:06:38


ရုတ်တရက်လေဖြတ်လို့ အရေးပေါ်ဆေးရုံ တက်နေရတဲ့ ဒိုလေးရဲ့မိခင်'Aveiro'

ရုတ်တရက်လေဖြတ်လို့ အရေးပေါ်ဆေးရုံ တက်နေရတဲ့ ဒိုလေးရဲ့မိခင်'Aveiro'


ကမ္ဘာကျော်ဘောလုံးသမား စီရော်နယ်ဒိုရဲ့ မိခင် Dolores Aveiro ဟာ ရုတ်တရက် လေဖြတ်ခဲ့တာကြောင့် အရေးပေါ်ဆေးရုံတက်နေရကြောင်း သိရပါတယ်။ Aveiro ဟာ အသက်(၆၅)နှစ်ဖြစ်ပြီး၊ ယနေ့ အင်္ဂါနေ့မနက်ပိုင်း (၅)နာရီလောက်မှာ လေဖြတ်ခဲ့တာပါ။ Aveiro ဟာ ဇာတိ Madeira ကျွန်းပေါ်က Dr Nelio Mendonca Hospital ဆေးရုံမှာ အရေးပေါ်တက်ရောက်ကုသမှု ခံယူနေကြောင်း သိရပါတယ်။ ဒေသခံသတင်းစာတွေမှာတော့ ဒိုလေးရဲ့မိခင်ဟာ အခု သတိပြန်လည်နေပြီဖြစ်ပြီး၊ အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ သိရပါတယ်။

ဒိုလေးကတော့ မိခင် အရေးပေါ်ဆေးရုံတက်ရောက်ရမှန်း သိသော်လည်း ဗုဒ္ဓဟူးနေ့ညမှာ အေစီးအသင်းနဲ့ ကိုပါအီတာလီယာဖလား ကစားရဖို့ရှိတာကြောင့် ပွဲပြီးမှပဲ အီတလီကနေ မိခင်ဆေးရုံတက်နေတဲ့ဆီကို အမြန်သွားရောက်ဖို့ရှိနေတယ်လို့ သိရပါတယ်။ဒိုလေးရဲ့မိခင် Aveiro ခံစားခဲ့ရတဲ့ လေဖြတ်ရောဂါဟာ Ischemic stroke အမျိုးအစားဖြစ်ပြီး၊ ဦးနှောက်ဆဲလ်များဆီကို အောက်ဆီဂျင်မရောက်အောင် သွေးလွှတ်ကြောအတွင်းမှာ သွေးစီးဆင်းမှုကို တားဆီးတဲ့အခြေအနေဖြစ်ပါတယ်။ အများစုဖြစ်တတ်တဲ့ လေဖြတ်ခြင်းတစ်မျိုးပါ။


မိခင် Aveiro ဟာ (၂၀၀၇)ခုနှစ်တုန်းကလည်း ရင်သားကင်ဆာ ကုသမှုခံယူခဲ့ရသေးပြီး၊ ထိုစဉ်က ရင်သားကင်ဆာကို ပျောက်ကင်းအောင် ကုသပေးခဲ့တဲ့ဆေးရုံကို ဒိုလေးက ပေါင်(၁)သိန်းအထိ လှူဒါန်းခဲ့ကြောင်း သတင်းတွေအရ သိရပါတယ်။ အခု မိခင်က စိတ်ချရတဲ့ အနေအထားမို့ သူ့အနေနဲ့ အေစီနဲ့ပွဲစဉ်ကို အာရုံစိုက်နိုင်မှာပါ။


လင်းဇော်ကို (D Nae Khit)