တလင်တမယားဥပဒေ၊ ကွာရှင်းခွင့်၊ ဖြားယောင်းသွေးဆောင်မှု (ဥပဒေရေးရာအမေးအဖြေ)

2020-03-14 19:51:00


တလင်တမယားဥပဒေ၊ ကွာရှင်းခွင့်၊ ဖြားယောင်းသွေးဆောင်မှု (ဥပဒေရေးရာအမေးအဖြေ)

တလင်တမယားဥပဒေ၊ ကွာရှင်းခွင့်၊ ဖြားယောင်းသွေးဆောင်မှု (ဥပဒေရေးရာအမေးအဖြေ)


တလင်တမယားဥပဒေ၊ ကွာရှင်းခွင့်၊ ဖြားယောင်းသွေးဆောင်မှု စတာတွေနဲ့ပတ်သက်ပြီး လူမှုကွန်ရက်ကနေ မေးမြန်းလာတာတွေကို ဦးမောင်မောင်ဝင်း (တရားလွှတ်တော်ရှေ့နေ) နဲ့ ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။


မေး – “ဆရာခင်ဗျား။ ကျနော်က အွန်လိုင်းကတဆင့် ချစ်ကြိုက်ခဲ့တဲ့ အမျိုးသမီးနဲ့ လွန်ခဲ့တဲ့ ၆ လလောက်က အိမ်ထောင်ပြုခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ သူ့မှာ အိမ်ထောင်ရှိခဲ့ကြောင်းနဲ့ တရားဝင်မကွာရှင်းရသေးကြောင်း သိရပါတယ်။ ကျနော့်အနေနဲ့ လင်ရှိမယားမှန်း မသိလို့ ယူခဲ့တာ ဖြစ်ပါတယ်။ ပထမအိမ်ထောင်က ကျွန်တော့်ကို တလင်တမယားဥပဒေနဲ့ စွဲဆိုနိုင်ပါသလား၊ ကျနော့်ကို လိမ်လည်လက်ထပ်ခဲ့တဲ့ သူ့ကို တရားစွဲနိုင်ပါသလား ဆိုတာကို သိပါရစေ။”


ဖြေ – ဒီမေးခွန်းက နှစ်ခုပေါ့နော်။ တခုက ဒီလို လက်ထပ်လိုက်တဲ့အတွက် တဖက် အိမ်ထောင်ကြီးကနေပြီးတော့ သူ့ကို အိမ်ထောင်ရှိတာ ထိမ်ချန်ပြီးတော့ လက်ထပ်ခဲ့တဲ့ အမျိုးသမီးပေါ်မှာ တရားစွဲလို့ရသလား။ ဒီတလင်တမယားစနစ်ဆိုင်ရာ ဥပဒေကတော့ ထိလွယ် ရှလွယ်သဘောတော့ ရှိပါတယ်။ ဒီနေရာမှာ တလင်တမယား ဥပဒေနဲ့ စွဲလို့ရသလား.. ဒါတချက်။ နောက်တချက်ကတော့ သူ့ကို ဘာမှမပြောဘဲနဲ့ ဥပဒေရှုထောင့်ကနေ ဖြေပါ့မယ်။ ဥပဒေရှုထောင့်က ဖြေမယ်ဆိုတဲ့နေရာမှာ ပထမမေးခွန်းနဲ့ ဒုတိယမေးခွန်းနဲ့က ဆက်စပ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့.. ပထမမေးခွန်းအရ တရားစွဲဆိုလာရင် ခုခံမှုလမ်းကြောင်းက ဒုတိယမေးခွန်းနဲ့ ခုခံရမှာပဲ။ ဘာလဲဆိုတော့ ပထမမေးခွန်းအရ လက်ထပ်လိုက်တယ်။ လက်ထပ်လိုက်တော့ ပထမမှာ အိမ်ထောင် ရှိတယ်။ အိမ်ထောင်ရှိနေတယ်တဲ့ ပုဂ္ဂိုလ်က သူ တကယ်လို့စွဲမယ်ဆိုရင် သူ့ဘက်က စွဲချင်တဲ့ဆန္ဒ ရှိမယ်ဆိုရင် စွဲလို့ရပါတယ်။ စွဲလို့ရတဲ့အခါကျတော့ ဘယ်လိုစွဲမလဲ .. ။


ဘယ်လိုစွဲမလဲဆိုတဲ့အခါကျတော့ တလင်တမယား ဥပဒေနဲ့ စွဲမယ်ဆိုရင်လည်း စွဲလို့ရပါတယ်။ ဘာလဲဆိုတော့ တလင်တမယား ဥပဒေပုဒ်မ ၁၀ မှာ။ ၁၀၊ ၁၂ အရ အိမ်ထောင်ရှိတာကိုပေါ့နော်။ နောက်ထပ် အိမ်ထောင်တခု ထူထောင်တဲ့အတွက် တလင်တမယား ဥပဒေနဲ့ စွဲလို့ရတယ်။ တကယ်လို့ တလင်တမယား ဥပဒေနဲ့ မစွဲဘဲနဲ့ ဘာနဲ့ တခါ စွဲလို့ရလဲဆိုတော့ ပထမအိမ်ထောင် ရှိနေတယ်။ အိမ်ထောင်ရှိနေရဲ့သားနဲ့ အိမ်ထောင် ထပ်ပြီးတော့ ပြုလိုက်တဲ့အတွက် ဒါရာဇသတ်ကြီးဥပဒေအရ သူများမယားကို ခိုးယူတဲ့ သဘောမျိုး မယားခိုးမှုပေါ့နော်။ မယားခိုးမှုအနေနဲ့ စွဲမယ်ဆိုရင်လည်း စွဲနိုင်ပါတယ်။ စွဲနိုင်တဲ့အခါကျတော့ ဒီနှစ်ခုကတော့ သူ့ဘက်က စွဲတာပေါ့။ ခိုင်မာတယ်၊ မခိုင်မာဘူး။ ငြိတယ်၊ မငြိဘူး ဆိုတာကတော့ တရားရုံးက ဆုံးဖြတ်ပါလိမ့်မယ်။


နောက် ဒုတိယမေးခွန်းဖြစ်တဲ့ မိမိရဲ့အမျိုးသမီးက ၆ လလောက်နေမှ လွန်ခဲ့တဲ့ တစ်ရက်၊ နှစ်ရက်မှ သူက ပထမအိမ်ထောင်ရှိတယ်ဆိုတာ သိရတာ။ ဒါသူ့အတွက်က ခုခံမှုလမ်းကြောင်းပဲ တဖက်ကတော့ ဒါကို မသိနိုင်ဘူးလေ။ ကိုယ့်ဘက်က သက်သေပြရမယ့် တာဝန်က ရှိသွားတာပေါ့။ အရင်အိမ်ထောင်ရှိတဲ့ဟာကို ထိမ်ချန်ပြီးတော့ သူ့ကို လာလက်ထပ်တဲ့အတွက်တော့ ဒါ တလင်တမယားစနစ်နဲ့တော့ ဥပဒေပုဒ်မ ၁၇ အရ ဒီလို အိမ်ထောင်ရှိတဲ့ဟာကို ထိမ်ချန်ပြီးတော့ လာပြီးတော့ လက်ထပ်မယ်ဆိုရင်တော့ ၁၇ အရ တရားစွဲလို့ ရပါတယ်။ သူလည်းပဲ ထောင်ဒဏ်ကျခံနိုင်တဲ့ သဘောမျိုး ရှိပါတယ်။ ဖြည့်စွက်ပြီး ပြောချင်တာကတော့ ဒါတွေက လူမှုရေးကိစ္စတွေ ဖြစ်နေတော့ တလင်တမယားဥပဒေဆိုရင် ထိလွယ်ရှလွယ်လေးတွေ ဖြစ်တဲ့အတွက် နည်းနည်းလေး ညှိနှိုင်းပြီးတော့ ပြေပြေလည်လည်လေး ဆောင်ရွက်ဖို့ သင့်ပါတယ်။


မေး – “တရားရုံးမှာ ခေါ်လိုမှုကို စရိတ်နဲ့တကွ အနိုင်ဒီကရီ ရထားပါတယ်။ ဒါပေမဲ့ သူ့မိဘတွေက မပြန်ခိုင်းတဲ့အပြင် သူလည်း မလာပါဘူး။ ထိုင်းကို ရှောင်ထွက်သွားတယ်လို့ သိရပါတယ်။ အနိုင်ဒီကရီရထားသူတယောက်အနေနဲ့ ဘယ်လို ဆက်လုပ်ရမလဲ၊ သူက ထိုင်းမှာပဲ နောက်အိမ်ထောင်ပြုလိုက်ရင် ဘယ်လိုလုပ်ရမလဲ။”


ဖြေ – မယားခေါ်လိုမှု စွဲထားတယ်၊ အနိုင်ဒီဂရီစွဲထားတယ်၊ မလာဘူး။ သူမိဘနဲ့ ထိုင်းကို ထွက်သွားတယ်။ အဲဒီတော့ သူ ဘာဆက်လုပ်ရမလဲ တခု။ ဒုတိယတခုကတော့ သူက တကယ်လို့ ထိုင်းမှာ နောက်အိမ်ထောင်ပြုခဲ့မယ်ဆိုရင်ကော သူ ဘာလုပ်လို့ရမလဲ။ ဒီမေးခွန်းမှာ ပထမမေးခွန်းကို အရင်ဖြေပါမယ်။


အဲဒီတော့ ဒီမယား ခေါ်လိုမှုပေါ့နော်… တခါတခါမှာလည်း ထူးထူးဆန်းဆန်း လင်ခေါ်လိုမှု ဆိုပြီးတော့ စွဲဖူးတာ ကျွန်တော် စီနီယာ lawyer ကြီးက စွဲဖူးတာလည်း တွေ့ဖူးပါတယ်။ အဲ့ဒါက ရှားရှားပါးပါးပေါ့နော်။ မယားခေါ်လိုမှု စွဲတဲ့အခါကျတော့ အထင်ကရ စီရင်ထုံးတွေ ရှိပါတယ်။ ရှေ့နေလောကမှာ လူသိများတဲ့ ဦးညွန့်မောင်နဲ့ ဒေါ်မြမာလာ ဆိုတဲ့ ကေစ့်ပေါ့နော်။ အဲဒီကေ့စ်မှာကတော့ ကျနော်တို့ မှတ်သားဖွယ်ရာ နှစ်ခု ပါပါတယ်။ တခုက ဘာလဲဆိုတော့ ဒေါက်တာမောင်မောင်တို့ ဘာတို့ကနေပြီးတော့ စုံညီခုံအဖွဲ့နဲ့ သဟာယအနေနဲ့ ကြားနာခဲ့ပါတယ်။ ဒေါက်တာအေးမောင်တို့ ဘာတို့နဲ့။ ပထမအချက်က ဘာလဲဆိုတော့ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ လင်မယားအရာမြောက်ဖို့အတွက် ကော်စန်မေးရှင်းလို့ ခေါ်တဲ့ စပ်ယှက်မှု လိုသလား။ အဲဒါနဲ့ပက်သက်ပြီးတော့ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ လင်မယား အရာအရောက်မှု ကော်စန်းမေးရှင်း မလိုဘူး၊ စပ်ယှက်မှုမလိုဘူး ဆိုတဲ့ စီရင်ထုံးတခု ထွက်ခဲ့ပါတယ်။ အဲဒီစီရင်ထုံးနဲ့ ဆက်နွှယ်ပြီးတော့ အဲဒီခုနက တရားနိုင်ပေါ့ .. မယားခေါ်လိုမှု တရားနိုင်ကနေပြီးတော့ သူက သူ့မယားကို ပေါင်းဖို့အတွက် အတူတကွ ပေါင်းသင်းနေထိုင်ဖို့ အတွက် ဇာရီမှု ဖွင့်တယ်။ ဇာရီအမှုဖွင့်တဲ့အခါကျတော့ ဇာရီရုံးကနေပြီးတော့ ဆုံးဖြတ်လိုက်တာပေါ့။ တရားမကျင့်ထုံးအရ မိန်းမလုပ်တဲ့သူ အမျိုးသမီးကို ဖမ်းဝရမ်း ထုတ်ပြီးတော့ အတင်းအကျပ်လာခဲ့ပါ။ ပေါင်းပါ၊ သင်းပါ၊ နေထိုင်ပါလို့ တရားရုံးမှာ လုပ်ပိုင်ခွင့် မရှိဘူး။ ဒီလိုလုပ်ဖို့လည်း မသင့်တော်ဘူးဆိုတဲ့အခါကျတော့ ..ဆိုလိုတာက အနိုင်ဒီကရီ တော့ရှိတယ်။ ဒါပေမဲ့ အတင်းအကျပ် ပေါင်းသင်းဖို့အတွက် ဇာရီဖွင့်ရင်တော့ အဟောသိကံ ဖြစ်မှာပဲ။ အထင်ကရ စီရင်ထုံးလည်း ရှိတယ်။ နောက်ထပ်ချခဲ့တဲ့ စီရင်ထုံးတွေလည်း ရှိပါတယ်။


ဒုတိယမေးခွန်းကတော့ ထိုင်းမှာ တကယ်လို့ နောက်အိမ်ထောင်ပြုခဲ့တယ်ဆိုရင်တော့ ဒါကတော့ တလင်တမယား ဥပဒေနဲ့ အရေးယူလို့ရပါတယ်။


မေး – “ဆရာရှင့်။ ကျမအနေနဲ့ အိမ်ထောင်ရေးပြိုကွဲပြီး Single Mom အဖြစ် ရပ်တည်နေတာ ကလေး ၄ နှစ်သားအထိ ရှိနေပါပြီ။ ကလေးအဖေနဲ့ မပတ်သက်ချင်တော့တဲ့အတွက် ကလေး ကျောင်းအပ်တဲ့အခါဖြစ်စေ၊ မှတ်ပုံတင်လုပ်တဲ့ အခါမျိုးမှာဖြစ်စေ ကလေးအဖေရဲ့ အမည်ကို မထည့်ချင်ပါဘူး။ အဖေအမည် ထည့်မှရမယ် ဆိုရင်တောင်မှ အဖေရင်းရဲ့ အမည်ကို မထည့်ဘဲ အစားထိုးနာမည် တခုခုကိုသာ ထည့်လိုပါတယ်။ ဒါကြောင့် ဥပဒေအရ ဘောင်ဝင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ရှင်းပြပေးစေချင်ပါတယ်။”


ဖြေ – ဒီမေးခွန်းက ဖြေရတာ သိမ်မွေ့တာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ သူရဲ့ လူမှုရေးကိစ္စ ဖြစ်နေတယ်။ ဥပဒေကြီးနဲ့ တိတိကျကျကြီး လုပ်လို့ရတယ်၊ မရတယ် ဆိုတာထက် ဖြစ်တဲ့ပြဿနာက ဘာလဲ။ ဖြစ်တဲ့ပြဿနာကို ခွဲခြမ်းစိတ်ဖြာလိုက်မယ်ဆိုရင်တော့ ဒါ လင်မယားနှစ်ဦးကြား ပြဿနာပေါ့။ ဒီမေးခွန်းမေးတဲ့သူရဲ့ စိတ်ခံစားချက်ကတော့ သူရဲ့ခင်ပွန်းအပေါ်မှာ လုံးဝနာကြည်းနေတဲ့ သဘော၊ လုံးဝမပတ်သက်ချင်တဲ့ သဘောလေးတွေတော့ တွေ့ရတာပေါ့။ စိတ်ခံစားမှုလေး နည်းနည်းရှိနေတဲ့သဘော တွေ့ရတယ်။ အဖေနာမည်ကိုပါ မထည့်ချင်ဘူး။


သို့သော်လည်း ဒီနေရာမှာ တကယ် စဉ်းစားရမှာက ကလေးပဲ။ ၄ နှစ်သားကလေးရဲ့ ကောင်းကျိုးပဲ။ ကလေးသူငယ်ဥပဒေအရ ကြည့်မယ်ဆိုရင်လဲ သူနဲ့ဆိုင်တဲ့ကိစ္စ။ သို့သော် ယာယီအားဖြင့် အသက်မပြည့်သေးခင်အထိတော့ အုပ်ထိန်းသူအနေနဲ့ တာဝန်ရှိတယ်။ အုပ်ထိန်းသူ ဆုံးဖြတ်ရမှာသည် သူ့ရဲ့စိတ်ခံစားချက်နဲ့ ဆုံးဖြတ်ရမှာ မဟုတ်ဘူး။ ကလေးရဲ့ ကောင်းရာကောင်းကျိုးအနေနဲ့ပဲ ကြည့်ရမယ်။ အဲတော့ ကလေးရဲ့ အခွင့်အရေး ပေါ့နော်။ လူအခွင့်အရေး၊ ကလေးအခွင့်အရေးပေါ့နော်။ အဲဒီအခွင့်အရေးတရပ်က ဘာရှိသလဲဆိုတော့ မွေးဖွားလာလို့ လူရယ်လို့ ဖြစ်လာလို့ အမေက ဘယ်သူပါ၊ အဖေက ဘယ်သူပါဆိုတဲ့ right ။ ဒီအခွင့်အရေးက ကလေးရဲ့အခွင့်အရေး။ အဲဒီတော့ မွေးတုန်းထဲက မွေးဖွားလို့ရှိရင်တော့ ကလေးသူငယ်ဥပဒေအရ သူ့ကိုမွေးဖွားတဲ့ မှတ်တမ်းမှတ်ရာ ပေးရမယ်။ ပေးတဲ့အခါမှာလည်းပဲ မွေးစာရင်းတို့ ဘာတို့မှာ အဖေနာမည် ဘယ်သူလဲ၊ အမေနာမည် ဘယ်သူလဲ။ အဲဒါကို ပြောင်းလဲဖို့ဆိုတဲ့ကိစ္စသည် ဒီကလေးရဲ့ အခွင့်အရေးဆိုင်ရာကိစ္စမျိုးလို ဖြစ်နေတယ်။


နောက်တခုက ဟိုလိုနည်း ဒီလိုနည်းတွေနဲ့ လုပ်မယ်ဆိုရင်လည်း တကယ်တမ်းကျတော့ ရေရှည်မှာ ကလေး အရွယ်ရောက်လာတဲ့အခါမှာ သူ့အဖေက ဘယ်သူဘယ်ဝါဆိုတာ။ တကယ်လို့ မွေးစားဦးမယ်ဆိုရင်တောင်မှ၊ တရားဝင် မွေးစားဦးမယ်ဆိုရင်တောင်မှ မိဘအရင်းတွေ သဘောတူဖို့ လိုလာတယ်။ လိုလာတဲ့အခါကျတော့ ဖခင်ရဲ့ သဘောတူညီမှုကလည်း လိုလာတယ်။ ဘာပဲပြောပြော သူ့အဖေ ဖော်ပြခြင်းအားဖြင့် သူ့မှာလည်း အမွေဆက်ခံခွင့် right ရှိတယ်။ မိရင်းဖရင်းဆီက အမွေဆက်ခံပိုင်ခွင့် ရှိတယ်။ ဒါလေးကိုတော့ အလေးအနက်ထားပြီး စဉ်းစားပေးပါလို့ ဖြေချင်ပါတယ်။


မေး – “ဆရာရှင့်။ ကျမ အိမ်ထောင်ကျတော့ အသက်မပြည့်သေးတဲ့အတွက် ကျမ မိဘတွေက အမျိုးသားကို ဖြားယောင်းသွေးဆောင်တယ်ဆိုပြီး အမှုဖွင့်ထားပါတယ်။ အခုဆိုရင် တရားရုံးရောက်နေတာ ၃ နှစ်ကျော်ပါပြီ။ ကျမမှာ ကလေးလည်း ရနေပါပြီ။ မိဘတွေက ကျေအေးဖို့ လုပ်ဆောင်နေပေမယ့် အခုချိန်ထိ အဆင်မပြေသေးပါဘူး။ အမျိုးသားဖြစ်သူ ထောင်ကျမှာလား၊ အမှုကို ကျေအေးခွင့်ရအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ ကိုသိပါရစေ။”


ဖြေ – အမျိုးသား ထောင်ကျမှာလား ဆိုတဲ့ မေးခွန်းမဖြေခင်မှာ မိဘတွေက ဖြားယောင်းသွေးဆောင်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၂ နဲ့ ၃၆၁ နဲ့ စွဲထားတာပေါ့။ အဲဒီလို မှတ်လို့ရပါတယ်။ ဖြားယောင်းသွေးဆောင်မှုဆိုတဲ့ ကဏ္ဍမှာ သူက အခုတော့ ကျေအေးချင်တယ်။ ကျေအေးချင်တဲ့အခါကျတော့ အခုအမှုကို ဥပဒေအရ ကြည့်လိုက်မယ် ဆိုရင်တော့ ဒီအမှုက ကျေအေးလို့မရဘူး။ ပြစ်မှုဆိုင်ရာ နောက်ဆက်တွဲဇယားမှာ ဘယ်အမှုတွေက ကျေအေးလို့ရတယ်။ ဘယ်အမှုတွေက ကျေအေးလို့မရဘူး ဆိုတာရှိတယ်။ ကျေအေးလို့ရတဲ့အမှု ဆိုရင်တော့ တရားရုံးကို လျှောက်လွှာတင်လိုက်ရုံပဲ။ တင်လိုက်ရင် တရားရုံးက ဆုံးဖြတ်လို့ရတယ်။


ကျေအေးလို့မရတဲ့ ဒီလိုအမှုမျိုးကို ဘာလုပ်မလဲ။ တရားမျှတမှုအတွက် ဘာလုပ်သင့်သလဲ ဆိုတဲ့အခါကျတော့ ကျေအေးလို့မရတဲ့ အမှုကို ရုပ်သိမ်းလို့ရတယ်။ ကျင့်ထုံးဥပဒေနဲ့ ရုပ်သိမ်းလို့ရတယ်။ ရုပ်သိမ်းတဲ့အခါကျတော့ ခုနကပြောတဲ့ ကာယကံရှင်က ရုပ်သိမ်းလို့ မရဘူး။ ရာဇဝတ်မှုဆိုတာက အချို့ဟာက နိုင်ငံတော်နဲ့ဖြစ်တဲ့ ကိစ္စတွေ၊ လူအဖွဲ့အစည်းမှာ မဖြစ်သင့်မဖြစ်ထိုက်တာကို နိုင်ငံတော်က တာဝန်ယူပြီးတော့ လူသတ်မှုတို့ မုဒိမ်းမှုတို့ကို လုပ်တယ်။၊ နိုင်ငံတော်က အမှုရုပ်မှ ရတယ်။ နိုင်ငံတော်က အမှုရုပ်မှရတယ် ဆိုတော့ သူက ဘာလုပ်ရမလဲ။ ဘာလုပ်ရမှာလဲဆိုတဲ့အခါကျတော့ မြို့နယ်ဥပဒေအရာရှိကို ဒီအမှုက ပေါင်းသင်းနေထိုင်တာ ကလေးလည်း ၃ နှစ်ရှိနေပြီ။ အဖေ အမေကလည်း ကျေနပ်နေတဲ့သဘော ဖြစ်တဲ့အတွက် ဒီအမှုက လူမှုရေးအရ ရုပ်သိမ်းဖို့ပြုပါ။


နောက်တခါ ဒီလိုဖြားယောင်သွေးဆောင်မှုမှာ ဒီတိုင်တဲ့ အုပ်ထိန်းသူမိဘတွေကနေ ကျေနပ်တယ်ဆိုရင် ဒီအမှုက မမြောက်ဘူး။ စီရင်ထုံးလည်း ရှိတယ်။ ဒီအမှုတိုင်တဲ့သူက ကျေနပ်ပါတယ်။ ကာယကံရှင်ကတော့ အရွယ်မရောက်သေးတော့ သူ ကျေနပ်တာ မကျေနပ်တာကိုတော့ ထည့်မစဉ်းစားဘူး။ တကယ်လို့ တိုင်တဲ့သူက ကျေနပ်ပါတယ်ဆိုရင် အမှုမမြောက်ဘူးဆိုတဲ့ လမ်းညွန်းစီရင်ထုံးတွေ ရှိပြီးသားဖြစ်တဲ့အတွက်တော့ တကယ်လို့ ခက်ခဲနေမယ်ဆိုရင် မြန်မြန်စစ်လိုက်။ မြန်မြန်စစ်လိုက်လို့ရှိပြီးတော့ ဒီဟာကို ကျေနပ်ပါတယ်၊ ကျေအေးပါတယ်ဆိုတဲ့ဟာမျိုး ထွက်လိုက်မယ်ဆိုရင်လည်း တရားရုံးက ဒီအပေါ်မှာ ထည့်ပြီး စဉ်းစားပြီးတော့ ဒီအမှုကို ပြစ်ဒဏ်က လွှတ်ချင်လည်း လွှတ်လိုက်မယ်။ ယောကျာ်း ထောင်ကျမလား ဆိုတဲ့ မေးခွန်းကတော့ ပိုးစိုးပက်စက်ဖြစ်စရာ အကြောင်းတော့ မရှိပါဘူး။ တရားရုံးရဲ့ ဆင်ခြင်တုံတရားအရ မဖြစ်မနေ တရားရုံးက ပြစ်ဒဏ်ချမှတ်ရသည်တိုင်အောင် ထောင်ဒဏ် ၁ ရက်လောက်လေးနဲ့ ငွေဒဏ်နဲ့ ပြီးနိုင်လောက်တဲ့ သဘောမျိုး ရှိနိုင်ပါတယ်လို့ ဖြေချင်ပါတယ်။


မေး – “ကျမအမျိုးသားက အွန်လိုင်းကတဆင့် ရည်းစားထားပြီး အပျိုကောင်မလေး တယောက်ကို ခိုးယူ ထွက်ပြေးပါတယ်။ ကျမတို့နှစ်ယောက် ပေါင်းသင်းစဉ်ကတည်းက ယောက္ခမဖြစ်သူက သဘောမတူပါ။ နောက်တယောက် ခိုးပြေးတော့ ယောက္ခမကလည်း သားရှင်မိဘအနေနဲ့ နယ်အထိလိုက်သွားပြီး မင်္ဂလာပွဲ လုပ်ပေးခဲ့ပါတယ်။ ကျမအမျိုးသားကို တလင်တမယားဥပဒေနဲ့ တရားစွဲနိုင်တယ်ဆိုတာကို နားလည်ပါတယ်။ ဒါပေမဲ့ တရားဝင်မယား ရှိရက်သားနဲ့ နောက်မိန်းမတောင်းပေးတဲ့ ယောက္ခမကို အရေးယူလို့ ရ၊ မရ ဆို တာကို သိပါရစေ။”


ဖြေ – ဒီနေရာမှာ ဥပဒေပြဿနာကို နည်းနည်းပြောချင်ပါတယ်။ ပထမတချက်က တလင်တမယားစနစ် ဥပဒေသည် အိမ်ထောင်ရှိတဲ့လူတွေကိုပဲ ဖောက်ဖျက်တာကို စွဲလို့ရသလား။ အိမ်ထောင်မရှိတဲ့ အပျို လူပျိုတွေကော ဒီဥပဒေနဲ့ စွဲလို့ရ၊ မရဆိုတဲ့ ပြဿနာတွေ ရှိပါတယ်။ ကျနော့်ဘက်ကတော့ ပြတ်ပြတ်သားသား ကျနော့်အယ်အဆကို တင်ပြချင်ပါတယ်။ တလင်တမယားစနစ် ဥပဒေမှာ ပုဒ်မ ၁၀ ဆိုတာ ရှိပါတယ်။ ပုဒ်မ ၁၀ က အိမ်ထောင်ပြုပြီးတော့မှ နောက်ထပ်အိမ်ထောင်ပြုတဲ့ပုဂ္ဂိုလ်ပေါ့။ အဲဒီပုဂ္ဂိုလ်က ယောကျာ်းလည်း ဖြစ်ချင် ဖြစ်မယ်၊ မိန်းမလည်း ဖြစ်ချင်ဖြစ်မယ်။ ဆိုလိုတာက အိမ်ထောင်ရှိတဲ့သူက ပြုလိုက်တာ။


နောက်တခုက ပုဒ်မ ၁၀။ ပုဒ်မ ၁၀ ကတော့ မည်သူမဆိုပဲ။ ပထမအိမ်ထောင်ရှိပြီးတော့ ထပ်မံအိမ်ထောင်ပြုမယ်ဆိုရင်တော့ ခုနကပြောသလိုပဲ အပျို လူပျိုလည်း ပါတယ်။ အပျို လူပျိုလည်း ပုဒ်မ ၁၂ အရ ပေါ့နော်။ ၁၂ ထဲမှာ ငြိတယ်။ ဘာဖြစ်လို့လဲဆိုတော့ .. ခက်တာက အပျို လူပျို ဆိုသော်လည်းပဲ တခါ တခါကျတော့ တလင်တမယားစနစ်ဥပဒေရဲ့ ရည်ရွယ်ချက်က အိမ်ထောင်တခုကို မြဲစေချင်တဲ့အခါကျတော့ ခုနကပြောတဲ့ လူလွတ်တဲ့ ပုဂ္ဂိုလ်တွေက မရ ရအောင် ဒီအိမ်ထောင်ရှင်ယောကျာ်းကိုသော် လည်းကောင်း၊ အိမ်ထောင်ရှင် မိန်းမကိုသော်လည်းကောင်း နည်းမျိုးစုံနဲ့ကြိုးစားပြီးတော့ လုပ်တဲ့ကိစ္စမျိုးတွေကို သူတို့ကို ချန်လှပ်ထားခဲ့လို့တော့ မဖြစ်ဘူး။ မဖြစ်ဘူးဆိုတဲ့အခါကျတော့ ဘာပဲပြောပြော.. တလင် တမယားစနစ်ကို ကျူးလွန်တဲ့အခါမှာ မသိလို့ ပြုလိုက်တာကိုလည်း ဥပဒေအရ အကာအကွယ်ပေးထားတယ်။ ဒီဟာ သိလို့ လုပ်မယ်ဆိုရင်တော့ တဖက်က အိမ်ထောင်ရှိခဲ့တယ် ဆိုရင်တော့ တဖက်က လူလွတ်တို့ ဘာတို့ အိမ်ထောင်မရှိတဲ့ သူတို့တွေကို အရေးယူလိုရတယ်လို့ ကျနော့်အနေနဲ့ ပုဒ်မ ၁၂ သည် ၁၀ နဲ့ ခြားနားမှု လိုရင်းအဓိပ္ပာယ်လို့ ယူဆပါတယ်။


သူ မေးတဲ့မေးခွန်းကို ထောက်ကြည့်မယ်ဆိုရင်တော့ ယောက္ခမကိုယ်တိုင်ကိုက အစကတည်းကိုက သဘောမတူဘူး။ သဘောမတူလို့ ပြီးတော့မှ သူက ဒီဟာကို နောက်ထပ် အိမ်ထောင်တခုကို တောင်းရမ်းပေးတယ်။ ခမ်းခမ်းနားနား မဟုတ်သည်တိုင်အောင် မင်္ဂလာဆောင်ပေးတယ်.. ဆိုတဲ့အပေါ်မှာ တဖက်က အမြင်နဲ့ကြည့်လိုက်ရင် .. အားပေးတဲ့ သဘောမျိုး ဖြစ်တယ်။ အားပေးတယ်ဆိုတဲ့ သဘောမျိုးမှာ ဥပဒေအရ သူ့ကို အားပေးကူညီမှုနဲ့ ဝင်၊ မဝင်ပေါ့။ ဝင်၊ မဝင် ဆိုတဲ့အခါကျတော့ ကျနော်တို့က ဥပဒေရဲ့သဘောတရားအရ ပြစ်မှုဆိုင်ရာ ဥပဒေရဲ့ အတွေးအခေါ်အရ အားပေးကူညီတာသည် crime ။ သူလည်း ပြစ်မှုပဲ။ ဒါကြောင့်မို့လို့ ရာဇသတ်ကြီးမှာလည်း အားပေးကူညီမှုကို ထည့်သွင်းပြီးတော့ ပြဋ္ဌာန်းထားတယ်။ တကယ်လို့ အားပေးကူညီတဲ့ ပုဂ္ဂိုလ်သည် ဘယ်လောက်အတိုင်းအတာသည် အပြစ်ပေးနိုင်တယ်ဆိုရင် မူရင်းပုဒ်မမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေ ပြစ်မှုအတိုင်းပဲ အပြစ်ပေးနိုင်တယ်။ ဟိုမှာ ထောင်တသက်ဆိုရင်လည်း ဒီမှာလည်း အားပေးကူညီမှုကို ထောင်တသက်။ ပြစ်မှုရဲ့ အယူအဆသဘောတရားအရ ကြည့်မယ်ဆိုရင် ပြစ်မှုတိုင်း..ပြစ်မှုတိုင်းမှာ ခုနက ပြောတဲ့အားပေးကူညီတဲ့ ပုဂ္ဂိုလ်တို့၊ ပူးပေါင်းကြံစည်တဲ့ ပုဂ္ဂိုလ်တို့ ဆိုတာတွေက ရှိတယ်။


ဒီနေရာမှာ တချို့က ပြောတာပေါ့။ ဒီအထဲမှာ အားပေးကူညီမှုကို အရေးယူရမယ်လို့ ပြဋ္ဌာန်းထားတ ာမရှိဘူးလို့ ပြောလို့မရဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ တကယ်လို့ အားပေးကူညီတဲ့ ပုဂ္ဂိုလ်မျိုးကို အရေးမယူစေချင်ရင် ဒီအထဲမှာထည့် .. ဥပမာ မယားခိုးမှု၊ မယားခိုးမှုမှာကျတော့ ယောကျာ်းကို စွဲလို့ရတယ်။ မိန်းမက ပြစ်မှုမရောက်ဘူးလို့ ဥပဒေထဲမှာကို ထည့်ရေးထားတာ။ မယားကိုတော့ မယားခိုးမှုမှာ အားပေးကူညီမှုနဲ့ စွဲလို့မရဘူးလို့ ထည့်ရေးထားတယ်။ တကယ်လို့ အားပေးကူညီတဲ့ပုဂ္ဂိုလ်ကို အခုလို ဥပဒေတွေမှာ မစွဲစေချင်ရင် ဥပဒေတွေ ထည့်ပြီးပြဋ္ဌာန်းထားဖို့တော့ လိုတယ်။ သို့မဟုတ် မစွဲရဘူးလို့ တားမြစ်ထားတဲ့ဟာ ရှိဖို့လိုတယ်။ တားမြစ်ထားတာ မရှိဘူး ဆိုရင်တော့ ကျင့်ထုံးဥပဒေအရ သွားမယ်။ ရာဇသတ်ကြီးဥပဒေအရ သွားမယ် ဆိုရင်တော့ ကုဒ်ကတော့ ဒီကျင့်ထုံးကိုပဲ လုပ်ရတာ။ ဆန့်ကျင်မှုဖြစ်ခဲ့ရင်တော့ အထူးဥပဒေအရ လွှမ်းမိုးချင်ရင် လွှမ်းမိုးမယ်။ သို့သော် ဟိုထဲမှာ တိတိကျကျ မပြဋ္ဌာန်းဘူးဆိုရင်တော့.. ဒါကဥပဒေအရ ပြောတာပါ။ ယောက္ခမကို အားပေးကူညီမှုနဲ့ စွဲဖို့မဟုတ်ပါဘူး။ သို့သော်လည်း စွဲမယ်ဆိုရင်တော့ စွဲလို့ရပါတယ်။ တရားရုံးကနေပြီးတော့ သူရဲ့စဉ်းစား ဆင်ခြင်တုံတရားအရ သူက အခြေအနေကြည့်ပြီးတော့ အမှုကို ဆန်းစစ်ပြီး ကွန်ပရိုမိုက်လုပ်ချင်လည်း လုပ်မှာပေါ့။ တရားရုံးက ညှိနှုန်းဖျန်ဖြေတဲ့ အပိုင်းလေးတွေလည်း လာပါတယ်။ ဒီလိုအမှုတွေက ညှိနှိုင်းဖျန်ဖြေမှုနဲ့ သွားဖို့ ကောင်းပါတယ်။ DVBTVNews