Lockdown လုပ်ဖို့ ဘီလာရုဇ်သမ္မတငြင်းဆန်၊ ပြည်သူများ ဗော့ဒ်ကာသောက်ရန် တိုက်တွန်း

2020-03-31 23:46:58


Lockdown လုပ်ဖို့ ဘီလာရုဇ်သမ္မတငြင်းဆန်၊ ပြည်သူများ ဗော့ဒ်ကာသောက်ရန် တိုက်တွန်း

Lockdown လုပ်ဖို့ ဘီလာရုဇ်သမ္မတငြင်းဆန်၊ ပြည်သူများ ဗော့ဒ်ကာသောက်ရန် တိုက်တွန်း


ကိုဗစ်-၁၉ အရေးမှာ နိုင်ငံတိုင်းလိုလို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရချိန် ဘီလာရုဇ်နိုင်ငံကတော့ အေးအေးဆေးဆေးပါဘဲ့တဲ့။ သမ္မတဖြစ်တဲ့ အလက်ဇန္ဒားလူကာရှန်ကိုက သူ့တိုင်းပြည်မှာ ဗိုင်းရပ်စ်ရိုက်ခတ်မှု ရှိနေပေမယ့် Lockdown လုပ်မှာမဟုတ်ကြောင်း ငြင်းဆန်ခဲ့ပါတယ်။ သမ္မတက ဘီလာရုဇ်ပြည်သားတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကို တွန်းလှန်နိုင်ဖို့ ရေပုံမှန်ချိုးကြဖို့နဲ့ ဗော့ဒ်ကာကို ပုံမှန်သောက်သုံးကြဖို့ တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။ ဘီလာရုဇ်မှာ နောက်ဆုံးရရှိထားတဲ့ သတင်းတွေအရ ကူးစက်ခံရသူ (၆၂)ဦးသာ ရှိထားပါသေးတယ်။

ဒီရောဂါကြောင့် သေဆုံးသူမရှိသေးတဲ့ ဘီလာရုဇ်မှာ (၆၂)ဦး ကူးစက်ခံရသူတွေအနက် (၃၂)ဦးကတော့ ပုံမှန်အခြေအနေ ပြန်ရောက်ပြီး ဗိုင်းရပ်စ်ပိုးကင်းစင်နေတယ်လို့ သိရပါတယ်။ သမ္မတက Lockdown လုပ်ဖို့ ငြင်းဆန်ခဲ့သလို၊ ၎င်းဒေသတွင်းမှာ ကျင်းပတဲ့ ပွဲတွေကိုတော့ ပိတ်ထားတာမျိုး မရှိသေးပါဘူး။


ဒါကြောင့် မကြာသေးခင်က ဘောလုံးပွဲတွေနဲ့၊ နိုင်ငံအတွင်း အခြားပွဲတော်တွေကို ဆက်လက်ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။ သမ္မတလူကာရှန်က သူ့ပြည်သူတွေအနေနဲ့ တစ်ရက်ကို ဗော့ဒ်ကာ(၅၀)မီလီလီတာအထိ သောက်သုံးသင့်တယ်လို့ အကြံပေးခဲ့တာပါ။

သမ္မတက လယ်ကွင်းတွေမှာ အလုပ်လုပ်ခြင်းနဲ့၊ မနက်စာကို ပုံမှန်စားပေးခြင်းအပြင်၊ ကိုယ်လက်သန့်စင်ခြင်းနဲ့ ရေပုံမှန်ချိုးခြင်းက ကပ်ရောဂါကို ကျော်လွှားနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက UEFA က ဘောလုံးပွဲတွေ ရပ်ထားဖို့ ဆွေးနွေးခဲ့သော်လည်း၊ ဘီလာရုဇ်အာကစား အာဏာပိုင်တွေကတော့ ပုံမှန်မပြတ် ဆက်လက်ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။


လင်းဇော်ကို (D Nae Khit)