ကိုဗစ်-၁၉ကို ကုသနိုင်တဲ့ဆေးအကြောင်း ဖွင့်ဟခဲ့တဲ့ သမ္မတထရမ့်၊ ဝေဖန်မှုတွေခံနေရ

2020-03-31 23:56:44


ကိုဗစ်-၁၉ကို ကုသနိုင်တဲ့ဆေးအကြောင်း ဖွင့်ဟခဲ့တဲ့ သမ္မတထရမ့်၊ ဝေဖန်မှုတွေခံနေရ

ကိုဗစ်-၁၉ကို ကုသနိုင်တဲ့ဆေးအကြောင်း ဖွင့်ဟခဲ့တဲ့ သမ္မတထရမ့်၊ ဝေဖန်မှုတွေခံနေရ


လက်ရှိအချိန်မှာ ကိုဗစ်-၁၉အရေး ပိုပြီး ခက်ခဲရှုပ်ထွေးလာသည်နှင့်အမျှ ဟိုဆေးက ကောင်းတယ်၊ သည်ဆေးက ပျောက်တယ်ဆိုပြီး သတင်းအမှန်လို့ ယူဆလို့မရသေးတဲ့ ကောလဟလသတင်းတွေလည်း ပျံ့နှံ့လာခဲ့ပါတယ်။ သမ္မတထရမ့်ကလည်း သတင်းစာရှင်းလင်းပွဲမှာ ကိုဗစ်-၁၉ ပျောက်ကင်းတယ်ဆိုတဲ့ ဆေးကို ပြောခဲ့ပါတယ်။ သူပြောခဲ့တဲ့ ဆေးတွေကတော့ Chloroquine နဲ့ Hydroxychloroquine ဆေးနှစ်မျိုးဖြစ်ပြီး၊ ငှက်ဖျားရောကို တိုက်ဖျက်ဖို့အတွက် အဓိက ရည်ရွယ်ထုတ်လုပ်ထားတဲ့ ဆေးတွေဖြစ်ပါတယ်။ အမေရိကန် FDA ကလည်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ကလိုရိုကွင်းနဲ့ ဟိုက်ဒရောက်ဇီကလိုရိုကွင်းဆေးတွေကို-


ကိုဗစ်-၁၉ကူးစက်ခံထားရသူတွေအနက် ဆယ်ကျော်သက်နဲ့ အရွယ်ရောက်ပြီးသူတွေအဖို့ လိုအပ်ပါက အသုံးပြုဖို့ သင့်တော်လျှော်ကန်ကြောင်းထောက်ခံခဲ့တယ်လို့ သမ္မတထရမ့်က ပြောခဲ့ပါတယ်။ ဒါပေမယ့် FDA က သူတို့အနေနဲ့ ဘယ်ဆေးကိုမှ မထောက်ခံထားဘူးလို့ ပြောပါတယ်။ သမ္မတထရမ့်ကတော့ " ပုံမှန်အားဖြင့် FDA ဟာ ဒီလိုကိစ္စမျိုးကို အတည်ပြုဖို့ အချိန်ယူ စဉ်းစားလေ့ရှိပါတယ် ... ဒါပေမယ့် ဒီဆေးတွေကိုတော့ တကယ့်ကို လျှင်မြန်စွာ အတည်ပြုလိုက်ပါပြီ ...ဆေးညွှန်းနဲ့ကို အတည်ပြုလုပ်တာပါ "လို့ အိမ်ဖြူတော်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။


ထရမ့်ရဲ့ ပြောကြားမှုကြောင့် လူတစ်ဦးကတော့ ကလိုရိုကွင်းဆေးကို နားလည်မှုလွဲပြီး ငါးကန်သန့်ရှင်းရေးလုပ်တဲ့ Chloroquine Phosphate ကို ကိုဗစ်-၁၉ ကာကွယ်ဆေးအဖြစ် မှားယွင်းသုံးစွဲခဲ့ကြောင်း Forbes က ဖော်ပြထားပါတယ်။ အဆိုပါဓာတုဗေဒဆေးရည်ဟာ ငါးကန်နဲ့ ရေကန်အညစ်အကြေးတွေကို ဖယ်ရှားတဲ့ ဆေးရည်ပါ။ CDC Health Alert Network ရဲ့ ထုတ်ပြန်ချက်မှာလည်း ပြည်သူပြည်သားတွေအနေနနဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေရဲ့ညွှန်းဆိုမှုမရှိဘဲ၊ ဒါမှမဟုတ် တိကျတဲ့ သုတေသနပြုလုပ်ထားခြင်းမရှိတဲ့ ဆေးတွေကို ကိုဗစ်-၁၉ ပျောက်ကင်းစေတယ်ဆိုပြီး မိမိသဘောနဲ့ ဝယ်သုံးပါက ဆိုးကျိုးတွေ ဖြစ်စေမယ်လို့ သတိပေးခဲ့ပါတယ်။

လက်ရှိအချိန်မှာ ကိုဗစ်-၁၉အရေးက အရေးပေါ်ဖြစ်နေသော်လည်း ဘယ်လိုဆေးဝါးက ထိရောက်တယ်ဆိုတာကို သုတေသနနဲ့ လေ့လာမှုတွေ အချိန်ယူပြီးမလုပ်ဘဲ အသေအချာ မသိနိုင်ဘူးလို့ FDA မှ ကော်မရှင်နာတစ်ဦးဖြစ်တဲ့ ဒေါက်တာ Stephen Hahn က ပြောပါတယ်။ အချိန်ယူပြီး လေ့လာမှုတွေ လုပ်ရဦးမယ်ဆိုတဲ့ သဘောပါ။


လင်းဇော်ကို (D Nae Khit)