အိန္ဒိယမှာ ကိုဗစ်-၁၉ ကူးစက်သူ အရေအတွက် တရုတ်ထက် ပိုများနေပြီ

2020-05-17 01:32:41


အိန္ဒိယမှာ ကိုဗစ်-၁၉ ကူးစက်သူ အရေအတွက် တရုတ်ထက် ပိုများနေပြီ

အိန္ဒိယမှာ ကိုဗစ်-၁၉ ကူးစက်သူ အရေအတွက် တရုတ်ထက် ပိုများနေပြီ


အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ အရေအတွက်ဟာ တရုတ်နိုင်ငံထက် ကျော်သွားပြီလို့ အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။


အိန္ဒိယနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူအဖြစ် အတည်ပြုထားတဲ့သူ ၈၅၉၄၀ နဲ့ သေဆုံးသူ ၂၇၅၂ ဦးထက်မနည်းရှိပြီး တရုတ်နိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူက ၈၂၉၄၁ ယောက်ထက်မနည်းရှိတာ ဖြစ်ပါတယ်။


Maharashtra ပြည်နယ်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၉၁၀၀ နဲ့ ကူးစက်မှုအများဆုံးဖြစ်ပြီး တမီးလ်နာဒူးပြည်နယ်မှာတော့ ၁၀၁၀၀ ကျော်၊ ဂူဂျာရတ်ပြည်နယ်မှာ ၉၉၀၀ ကျော်နဲ့ နယူးဒေလီမှာတော့ ၈၈၉၅ ယောက်ရှိတယ်လို့ ဆိုပါတယ်။


ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း တနိုင်ငံလုံးမှာ နောက်ထပ်ရောဂါကူးစက်သူ ၃၉၇၀ ရှိပြီး သေဆုံးသူ ၁၀၃ ယောက် ရှိခဲ့ပါတယ်။


အိန္ဒိယနိုင်ငံမှာ လူတွေကို အပြင်မထွက်ဖို့ တားမြစ်ထားတဲ့အမိန့်ကို ရက်ထပ်တိုးမတိုးဆိုတာ ဝန်ကြီးချုပ် Narendra Modi အစိုးရက ဒီသီတင်းပတ်ကုန်မှာ ဆုံးဖြတ်မှာဖြစ်ပါတယ်။


တရုတ်နိုင်ငံမှာတော့ နှစ်စဉ်ကျင်းပတဲ့ တရုတ်အမျိုးသားကွန်ဂရက်ကို ရက်လျှော့ပြီး ခပ်တိုတိုပဲ ကျင်းပသွားမယ်လို့ တရုတ်အမျိုးသားကွန်ဂရက်ရဲ့ နိုင်ငံခြားရေးကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။


မေလ ၂၂ ရက်နေ့မှာ ကျင်းပမယ့် တရုတ်အမျိုးသားကွန်ဂရက်ကို ပုံမှန်အားဖြင့်တော့ ၂ ပတ်ကြာ ကျင်းပလေ့ရှိပေမယ့် ဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် ဒီနှစ်မှာ ၁ ပတ်လောက်ပဲ ကျင်းပသွားဖို့ ရှိပါတယ်။


တောင်ကိုရီးယားမှာတော့ ညကလပ်သွားတဲ့သူတွေကြား ဗိုင်းရပ်စ်ကူးစက်မှုတွေ ပြန်ဖြစ်ရာကနေ အခုဆိုရင် ဆိုးလ်မြို့တဝိုက်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၆၂ ယောက်ထိ ရှိလာပေမယ့် ရောဂါပိုးကူးစက်မှု စပြီး လျော့ကျလာပြီလို့ သတိနဲ့ မျှော်လင့်တဲ့အကြောင်း အာဏာပိုင်တွေက ပြောလိုက်ပါတယ်။