ယောက်ျားက မယားငယ်ယူသွား၊ရပ်ကွက်လူကြီးနဲ့ ယောက္ခမက မောင်းချလို့ နေစရာစားစရာမရှိ တဲ့ သားမိသုံးယောက်

2020-05-17 20:21:48


ယောက်ျားက မယားငယ်ယူသွား၊ရပ်ကွက်လူကြီးနဲ့ ယောက္ခမက မောင်းချလို့ နေစရာစားစရာမရှိ တဲ့ သားမိသုံးယောက်

ယောက်ျားက မယားငယ်ယူသွားပြီး ရပ်ကွက်လူကြီးနဲ့ ယောက္ခမက မောင်းချလို့ နေစရာစားစရာမရှိ ဘဝဒုက္ခကြီးစွာ ခံစားနေရတဲ့ သားမိသုံးယောက်


(ကူညီလှူဒါန်းနိုင်သူများသိအောင် မျှဝေပေးကြပါရန် လေးစားစွာဖြင့်)


“ရပ်ကွက်လူကြီးကလည်း ဒီရပ်ကွက်မှာ နေလို့မရဘူးဆိုပြီး မောင်းချတယ်၊ ယောက္ခမကလည်း မောင်းထုတ်တယ်၊ ခွေးမောင်းသလိုမောင်းထုတ်ပါတယ်” ဟု ကာယကံရှင်ဖြစ်တဲ့ မဇင်မာက ပြောပါတယ်။


မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ ယခင် ကံကြီးကုန်းရွာဟောင်း ယခု(ဋ)ရပ်ကွက် ကနေ ယောက်ျားက မယားငယ်ယူသွားပြီး ယောက္ခမက အိမ်ပေါ်ကနှင့်ချလို့ ကလေးနှစ်ယောက်နဲ့ နေစရာစားစရာမရှိ၊ အခုလို ကိုဗစ်ကာလ နှင့် ရာသီဥတုပူးပြင်းလှတဲ့ ကာလကြီးမှာ လမ်းတကာ အိမ်တကာလှည့်လည် တောင်းရမ်းစားသောက်၊ ကလေးနှစ်ယောက်အတွက် စားဖို့ နို့မှုန့်ဖိုးရဖို့ တောင်းရမ်း ကျွေးမွေးကာ ဘဝဒုက္ခကြီးစွာ ခံစားနေရတဲ့ မဇင်မာ ဆိုတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။


ယခုလက်ရှိမှာတော့ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (ဋ) ရပ်ကွက် အပိုင်း-၉ တွင ်ဒေါ်မိုးမိုးဆိုသူ အမျိုးသမီးတစ်ဦးမှ ကူညီခေါ်ဆောင်ပြီး အသိတစ်ဦးပိုင်ဆိုင်ပြီး လူမနေတဲ့ တဲငယ်တစ်ခုမှာ နေစေပြီး စားဖို့ကိုတော့ ယခင်လိုပဲ တောင်းရမ်းစားသောက်နေရတယ်လို့ သိရပါတယ်။


အခုလို ကူကယ်ရာမဲစွာ စားရေးသောက်ရေး နေရေးထိုင်ရေး ကျန်းမာရေးအစ ခက်ခဲရုန်းကန်နေရသည်ဟု ကြားသိရပြီး မန္တလေးမြို့ ဝေဇယန္တာလူမှုကူညီရေးအသင်းမှ သွားရောက်ကာ အလှူရှင်တို့ လှူဒါန်းသော ဆန်နှင့်ဆီ တို့အား တစ်ဆင့် ကူညီဝေမျှ လှူဒါန်းခဲ့ပါသည်။


“အခုလို အရမ်းပူပြင်းတဲ့ ရာသီဥတုနဲ့ လူတိုင်းကြောက်စရာကောင်းတဲ့ ကိုဗစ်ကာလအတွင်းမှာ အခုလို လမ်းတကာသွားလာနေရတဲ့ ဒီအမျိုးသမီးအတွက် တော်တော်ကို စိတ်မကောင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ဝေဇယန္တာလူမှုကူညီရေးအသင်းကလည်း တတ်နိုင်သလောက်တော့ ထောက်ပံ့ခဲ့ပါတယ်။


နောက်ထပ်လည်း ဒီသားအမိကို ကူညီထောက်ပံ့လိုတဲ့ အလှူရှင်များလည်း ပေါ်ပေါက်လာစေချင်ပါတယ်။ ကူညီလှူဒါန်းမယ့် အလှူရှင်များ ပေါ်လာခဲ့ရင်လည်း ကျွန်တော်တို့ ဝေဇယန္တာလူမှုကူညီရေးအသင်းကို ဆက်သွယ်ပြီး လှူဒါန်းနိုင်ပါတယ်” လို့ ဝေဇယန္တာလူမှုကူညီရေးအသင်း ဥက္ကဌ ဦးကျော်စွာမှ အခုလိုပြောပါတယ်။


ဤဒုက္ခသည် သားအမိသုံးယောက်အား စာနာပေးလှူ ကူညီပေးလိုသည့် စေတနာရှင် သူတော်ကောင်းတို့ အနေဖြင့် ဝေဇယန္တာလူမှုကူညီရေးအသင်း ဥက္ကဌ ဦးကျော်စွာ ဖုန်း – 09777462227 ထံ ဆက်သွယ်၍ ကိုယ်တိုင်ဖြစ်စေ ၊ အခြားနည်းဖြင့် ဖြစ်စေ စာနာဖေးကူ ပေးလှူနိုင်ကြောင်း လေးစွာ အသိပေးလိုက်ပါတယ်။


(ဝေဇယန္တာလူမှုကူညီရေးအသင်း ဥက္ကဌ ဦးကျော်စွာ မှ မေးမြန်းရိုက်ကူးထားခြင်းဖြစ်ပါတယ်)


AlinnMyay(အလင်းမြေ)