ကိုဗစ်အရေး ကိုင်တွယ်ပုံညံ့ဖျင်းကြောင်း ဝေဖဖန်ခဲ့တဲ့ တရုတ်သံအမတ် ထူးဆန်းစွာသေဆုံး

2020-05-18 14:07:29


ကိုဗစ်အရေး ကိုင်တွယ်ပုံညံ့ဖျင်းကြောင်း ဝေဖဖန်ခဲ့တဲ့ တရုတ်သံအမတ် ထူးဆန်းစွာသေဆုံး

အစ္စရေးနိုင်ငံမှာ အစ္စရေးဆိုင်ရာ တရုတ်သံအမတ်အဖြစ် ပြီးခဲ့တဲ့ ဖေဖော်ဝါရီကမှ တာဝန်ထမ်းဆောင်ခွင့်ရရှိခဲ့တဲ့ သံအမတ်ကြီး ဒူဝေဟာ အစ္စရေးက ၎င်းနေအိမ်မှာ ထူးဆန်းစွာ သေဆုံးနေကြောင်း သိရပါတယ်။ တရုတ်သံအမတ်ကြီး ဒူဝေဟာ သေဆုံးချိန်မှာ အသက်(၅၈)နှစ်သာ ရှိပါသေးတယ်။


သူဟာ Tel Aviv မြို့က သံအမတ်နေအိမ်မှာ သေဆုံးနေတာဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပေမယ့် အခြားတစ်ဖက်မှာတော့ သတင်းတွေက သံအမတ်ဒူဝေတစ်ယောက် လုပ်ကြံသတ်ဖြတ်ခံရတာဖြစ်နိုင်ကြောင်း ဆိုပါတယ်။




ဒူဝေဟာ ဒီမတိုင်ခင်က တရုတ်ခေါင်းဆောင်တွေ ကိုဗစ်အရေး ကိုင်တွယ်ရာမှာ ညံ့ဖျင်းကြောင်း ကွက်ကွက်ကွင်းကွင်း ဝေဖန်ခဲ့သူဖြစ်ပြီး၊ အဲဒီနောက် သူ သေဆုံးသွားတာဖြစ်လို့ လုပ်ကြံသတ်ဖြတ်ခံရတာ ဖြစ်နိုင်ကြောင်း သတင်းတွေက သုံးသပ်နေကြတာပါ။




ရဲတပ်ဖွဲ့ကတော့ သူတို့အနေနဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း ဆက်လက်ဆောင်ရွက်နေပြီး၊ အခင်းဖြစ်နေရာမှာလည်း ရဲတပ်ဖွဲ့တွေကို တာဝန်ချထားကြောင်းသာ ထုတ်ပြန်ခဲ့ကာ၊ သံအမတ်ကြီး ဒူဝေ ဘာကြောင့် သေဆုံးရတာလဲဆိုတာကို ထုတ်ပြန်ဖို့ ပျက်ကွက်နေဆဲပါ။ ဒါကလည်း သံသယဝင်ဖွယ်ရာပါပဲ။


သူဟာ ဒီကနေ့ မေလ(၁၇)ရက် တနင်္ဂနွေနေ့မှာ သေဆုံးခဲ့ပြီး၊ အခင်းဖြစ်ချိန်မှာ ဇနီးနဲ့သားတို့ဟာ နေအိမ်မှာ ရှိမနေကြပါဘူး။ သံအမတ်ကြီး ဒူဝေဟာ ယူကရိန်းသံအမတ်အဖြစ် (၂၀၁၆)ခုနှစ်မှ (၂၀၁၉)ခုနှစ်အထိ ယခင်က တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။




သူ သေဆုံးခြင်းအတွက် အစ္စရေးနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အထွေထွေဒါရိုက်တာ Yuval Rotem က ဝမ်းနည်းကြောင်း သဝဏ်လွှာထုတ်ပြန်ခဲ့ပါတယ်။ BBC သတင်းမှာတော့ သံအမတ်ကြီး ဒူဝေသေဆုံးခြင်းဟာ သွေးရိုးသားရိုး သေဆုံးခြင်းသာဖြစ်ကြောင်းကို-


ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဖော်ပြထားပါတယ်။ ဒါပေမယ့် တရုတ်ဘက်ကတော့ သံအမတ်ကြီး ဒူဝေသေဆုံးခြင်းနဲ့ပတ်သက်ပြီး ဘာမှ မထုတ်ပြန်သေးပါဘူး။ ဒူဝေဟာ မေလ(၁၅)ရက်ကမှ တရုတ်က ပြန်ရောက်လာသူဖြစ်ပြီး၊ စည်းကမ်းအရ သံအမတ်အိမ်မှာ နှစ်ပတ်ကြာ Self-isolation ဝင်နေသူပါ။


လင်းဇော်ကို (D Nae Khit)