စူပါဆိုင်ကလုန်းမုန်တိုင်း ကိုကိုးကျွန်းမြို့ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၄၀၀ ခန့်ကို ဗဟိုပြုနေ

2020-05-19 15:40:04


စူပါဆိုင်ကလုန်းမုန်တိုင်း ကိုကိုးကျွန်းမြို့ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၄၀၀ ခန့်ကို ဗဟိုပြုနေ

စူပါဆိုင်ကလုန်းမုန်တိုင်း ကိုကိုးကျွန်းမြို့ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၄၀၀ ခန့်ကို ဗဟိုပြုနေ


ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ စူပါဆိုင်ကလုန်းမုန်တိုင်းအမ်ဖန်ဟာ မြောက် – အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ကိုကိုးကျွန်းမြို့ ရဲ့ အနောက်-အနောက် မြောက်ဘက် ရေမိုင် ၄၀၀ မိုင်ခန့်နဲ့ ပုသိမ်မြို့ရဲ့ အနောက်-အနောက်တောင် ဘက် ရေမိုင် ၄၉၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ မိုးဇလက ဒီနေ့မနက် ၇ နာရီ ထုတ်ပြန်ပါတယ်။


စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာကျဲကျဲ မိုးထစ်ချုန်း ရွာမယ်လို့ ဆိုပါတယ်။


မြန်မာ့ပင်လယ်ပြင်အခြေအနေကတော့ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန် ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအလွန်ကြီးမယ်၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေ တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။ လှိုင်းအမြင့် ၉ ပေမှ ၁၄ ပေ ခန့်ရှိနိုင်ပါတယ်။


မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးမယ်၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ တစ်နာရီ လျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါတယ်။ လှိုင်းအမြင့်မှာ ၈ ပေမှ ၁၀ ပေခန့်ရှိနိင်ပါတယ်။


နောက် ၂ ရက်အတွက်ခန့်မှန်းချက်အရ အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကို ဝင်ရောက်နိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။


စူပါဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်ရဲ့ အရှိန်ကြောင့် ကမ်းနီး၊ ကမ်းဝေး သွားလာနေကြတဲ့ ငါးဖမ်းရေယာဉ်၊ သင်္ဘောတွေနဲ့ လေယာဉ်တွေအနေနဲ့ ဆိုးရွားတဲ့ မိုးလေဝသအခြေအနေတွေ ကြိုတင်သတိပြုကြဖို့ မိုးဇလက တိုက်တွန်းထားပါတယ်။